ထောင်ဝင်စာလာပို့သူကို လှောင်ပြောင်တာကြောင့် အစောင့်ရဲနဲ့ နိုင်ကျဉ်းခိုက်ရန်ဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်အတွင်းမှာ မနေ့နိုဝင်ဘာ ၂၁ ရက်နေ့လယ်ပိုင်းကထောင်ဝင်စာလာပို့သူအမျိုးသမီးတဦးကို အစောင့်ရဲတပ်သားကလှောင်ပြောင်တာကြောင့်ရုံးထုတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အစောင့်ရဲတပ်သားခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့မျက်မြင်တွေ့သူတွေက DNA ကိုပြောပါတယ်။

ပုသိမ်ထောင်တွင်းတရားရုံးကနေ နိုင်ငံရေးအကျဉ်းသား ၈ ဦးကိုရုံးထုတ်လာချိန်မှာ မိသားစုဝင်တဦးက ငိုကြွေးတာကို အစောင့်ရဲတပ်သားက ဝင်ရောက်ပြောဆိုရာကနေ ခိုက်ရန်ဖြစ်ကြတာလို့ဆိုပါတယ်။

“မိသားစုက နှုတ်ဆက်တာ အသံကျယ်တယ် ပြောတယ်။ နူတ်ဆက်ရင်း မျက်ရည်ကျနေတဲ့ အမျိုးသမီး တစ်ယောက် ကို လုပ်တုန်းကလုပ်ကြပြီး ဘာခုမှကြောက်နေ လဲအပိုတွေ ဆိုပြီးရဲကပြောတာ ကနေ ရိုက်ပွဲစဖြစ်တာ ” လို့ မျက်မြင်တွေ့ရှိ သူတစ်ဦးက DNA ကိုပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တရားရုံး ကိုထုတ်လာတာ မြင်တဲ့ထောင်ဝင်စာ ပို့သူတွေ က လက်ပြနူတ်ဆက်ကြတာကိုရုံးထုတ်တာဝန်ကျ အစောင့်ရဲ ကသရော်စကားပြောပြီး ရန်စတဲ့အတွက်မနောက်ပြောင်ဖို့ပြောဆိုမှုလည်းရှိခဲ့ပြီးတွန်းထိုးရာကနေရိုက်ပွဲဖြစ်ခဲ့တာလို့ထောင်ဝင်စာပို့ရာမှာရှိနေတဲ့ မျက်မြင်ကပြောပြခဲ့တာပါ။

ခိုက်ရန်ဖြစ်သူတွေကိုတော့ ထောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေက လူစုခွဲခဲ့ပြီး ရုံးထုတ်စစ်ဆေးမှုကိုလည်းရပ်နားလိုက်တယ်လို့လည်း ဆက်ပြောပါတယ်။
ပုသိမ်အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းသားအခွင့်အရေးအပြည့်အဝမရတာတွေအတွက် ထောင်တွင်းမှာနည်းလမ်းအမျိုးမျိုးနဲ့တောင်းဆိုမှုတွေလည်းရှိနေတယ်လို့ လည်း အကျဉ်းထောင်နဲ့နီးစပ်သူကပြောပါတယ်။

လက်ရှိ ပုသိမ်ထောင်မှာ နိုင်ငံရေးပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော်ရှိနေပြီးထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်ချမှတ်ပြီးတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀ ကျော်နဲ့ အကျဉ်းသူ ၁၈ ဦးရှိတယ်လို့သိရပါတယ်။