ကလေးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ နေ့စဉ်တိုးနေပြီး စုစုပေါင်းစစ်ရှောင်ငါးသောင်းကျော်အတွက် စောင်၊ အနွေးထည်အပါအဝင် လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေးဒေသ တာဝန်ခံ ကိုဖက်ကြမ်းက DNA ကိုပြောပါတယ်။
“စခန်းငယ်လေးတိုင်းမှာ နေ့တိုင်းနေ့တိုင်း ဦးရေက တိုးတိုးလာနေတယ်၊ သီးနှံတွေလည်း မစိုက်ရဘူး၊ နေစရာအိမ်တွေလည်း မီးလောင်လို့မရှိတော့ဘူး၊ အလုပ်အကိုင်လည်း မရှိဘူးဆိုတော့ လာနေကြတာပေါ့၊ စခန်းမှာဆိုရင်တော့ စားဖို့၊ ဝတ်ဖို့တော့ မပူရဘူးဆိုတဲ့သဘောကိုး” လို့ ကိုဖက်ကြမ်းကပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း စစ်ရှောင်စခန်းတွေမှာတိုးလာတဲ့စစ်ရှောင်ဦးရေဟာ တစ်လအတွင်း သုံးရာကျော်လေးရာ ဝန်းကျင်ရှိမယ်လို့ ကိုဖက်ကြမ်းက ဆိုပါတယ်။
“ခက်လာကြပြီဆိုတော့ ခိုလှုံကြရတော့တာပေါ့၊ အိန္ဒိယဘက်ထိပြေးပြီး ခိုလူံကြတဲ့သူတွေရှိတယ်၊ ကလေးမြို့ပေါ်ပြေးပြီး ခိုလှုံကြတဲ့သူတွေရော အဆင်ပြေပါ့မလားတွေးမိတယ်၊ ဒီမှာလည်း ရှိတာ၊ ရတာနဲ့ အသက်ရှင်သန်အောင်နေကြရတာ” လို့ ကလေးမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ဒေသအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာတွေက ပြည်သူတွေတချို့ဟာ အစပိုင်းမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရုန်းကန်ဖို့ ကြိုးစားကြပေမယ့် အဆင်မပြေမှုတွေဆိုးဆိုးရွားရွားကြုံလာချိန်မှာ စစ်ရှောင်စခန်းတွေကို ရောက်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
” ဘယ်လွယ်မလည်းဗျာ၊ တချို့ဆို အိမ်တန်ဖိုးမပါသေးဘူး၊ ပစ္စည်းတင် သိန်းရာချီတန်ဖိုးကို စစ်သားတွေယူသွားကြတာ၊ ဘာမှကိုမကျန်ခဲ့တာ” လို့ ကလေး ဒေသခံတစ်ဦးက ဆိုပါတယ်။
ချင်းတောင်နဲ့ ပုံညာတောင်တန်းကြားမှာရှိတဲ့ ကလေးဒေသဟာ ဆောင်းရာသီမှာ ရာသီဥတု အအေးဓာတ်လွန်ကဲတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ အခု နိုဝင်ဘာလဆန်းကစလို့ အအေးဓာတ်ပိုလာပြီး ဒီဇင် ဘာလကနေ ဖေဖော်ဝါရီလကုန်ပိုင်းအထိ အအေးဆုံးကာလတွေကို ဖြတ်ကျော်ရတော့မှာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ခုချိန်မှာ စောင်နဲ့အနွေးထည်ကတော့မိန်းပဲ၊ ဆန်၊ဆီ၊ဆား၊ ဆေးတွေလည်းလိုတာပေါ့ဗျာ၊လိုအပ်ချက်တွေက တကယ်ကိုများတယ်ဗျာ” လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ – ကလေးဒေသ တာဝန်ခံ ကိုဖက်ကြမ်းကပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကလေးမြို့နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာစစ်ရေးတင်းမာနေပြီး ကလေးမြို့ နယ်တောင်ပိုင်းကိုလည်း စစ်ကောင်စီ စစ်ရဟတ်ယာဥ်တွေ မကြာမကြာဝဲနေတဲ့အတွက် စိုးရိမ်ပူပန်မူတွေရှိနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။