အီရန် အကူအညီယူပြီး ဒရုန်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ ရုရှား စီစဉ်နေ 

ယူကရိန်း စစ်ပွဲမှာ အသုံးပြုမယ့် ဖောက်ခွဲရေး ဒရုန်းတွေကို အီရန်ရဲ့ အကူအညီနဲ့ ရုရှားက ပြည်တွင်းမှာ ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

ရုရှားဟာ အီရန်ရဲ့ စျေးပေါတဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို အမြောက်အမြား ​​ဝယ်ယူပြီး ယူကရိန်း စစ်မြေပြင်မှာ အသုံးပြုခဲ့တဲ့အခါ ထိရောက်တဲ့ အကျိုးအာနိသင်တွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ကတော့ သူတို့ဟာ ယူကရိန်း စစ်ပွဲအတွက် ရုရှားကို လက်နက်ရောင်းခဲ့တာ လုံးဝ မဟုတ်ဘဲ စစ်ပွဲ မတိုင်ခင် ကတည်းက ရောင်းထားတဲ့ လက်နက်တွေကိုသာ ရုရှားက အသုံးပြုနေတာလို့ ငြင်းချက်ထုတ်ထားပါတယ်။ 

အခုတော့ အီရန်ဟာ ဖောက်ခွဲရေး ဒရုန်းတွေရဲ့ တည်ဆောက်ပုံ Blueprintတွေကိုပါ ရုရှားဆီ မျှဝေပေးပြီး ရုရှားမှာ ထုတ်လုပ် တည်ဆောက်ဖို့ သဘောတူခဲ့ကြောင်း အမေရိကန်ရဲ့ Washington Post သတင်းစာက စတင် ဖော်ပြလာပါတယ်။ အီရန်ရဲ့ လက်နက် စီမံကိန်းတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာလည်း ဒီကိစ္စဟာ ဖြစ်နိုင်ခြေ များတယ်လို့ မှတ်ချက် ပေးထားပါတယ်။ 

အီရန်နဲ့ ရုရှား အစိုးရတွေကတော့ ယူကရိန်း စစ်ပွဲမှာ သုံးစွဲမယ့် ဒရုန်းတွေကို အတူပူးပေါင်း တည်ဆောက်တော့မယ်ဆိုတဲ့ သတင်းတွေအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ 

အီရန်ရဲ့ ဒရုန်းတွေဟာ နည်းပညာပိုင်း အဆင့်မမြင့်လှပေမယ့် စျေးနှုန်း သက်သာပြီး တာဝေး ပျံသန်းနိုင်သလို အစုအပြုံလိုက် တပြိုင်တည်း ပစ်ခတ်နိုင်တဲ့ အားသာချက်လည်း ရှိနေတာကြောင့် ရုရှားစစ်တပ်က အကြိုက်တွေ့နေတာ ဖြစ်ပါတယ်။ 

အမေရိကန် စစ်ထောက်လှမ်းရေးရဲ့ အဆိုအရ ရုရှားဟာ အီရန်ဆီက ဖောက်ခွဲရေး ဒရုန်းတွေကို အရေအတွက် ရာထောင်ချီ စုဆောင်း ဝယ်ယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။