ဂျပန် ဝန်ကြီးချုပ်ဟာ သူ့ရဲ့ အစိုးရ အဖွဲ့ထဲက တတိယမြောက် ဝန်ကြီးတစ်ဦးကို တစ်လတာ အချိန်တိုအတွင်း ထပ်မံ ထုတ်ပယ်လိုက်ပြန်ပါတယ်။
ဒီအခြေအနေက အရှက်တကွဲ အခြေအနေမျိုးစုံ ကြုံနေရတဲ့ အစိုးရ အဖွဲ့နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါအပေါ် ဖိအားတွေ ပိုမို တိုးပွားလာစေပါတယ်။ နိုဝင်ဘာ ၂၀ မှာ ကီရှီဒါက ပြည်ထဲရေးဝန်ကြီး မီနိုရူ တီရာဒါကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။
တီရာဒါဟာ ငွေစာရင်းနဲ့ ရန်ပုံငွေစာရင်း ကိစ္စတချို့မှာ မူမမှန်တဲ့ လုပ်ရပ်တွေ ရှိနေကြောင်း ကျယ်ကျယ်လောင်လောင် စွပ်စွဲ ခံခဲ့ရသူပါ။ တီရာဒါ ကိုယ်တိုင်ကလည်း သူ့ရဲ့ အတွင်းစည်း အဖွဲ့တစ်ခုဟာ ကွယ်လွန်သူ တစ်ဦးရဲ့ လက်မှတ်ကို အလွဲသုံးစားလုပ်ပြီး ငွေကြေးကိစ္စ အရှုပ်အထွေးတွေမှာ ပါဝင်ခဲ့ကြောင်း ဝန်ခံထားရပါတယ်။
NHK သတင်းဌာနရဲ့ အဆိုအရ ကီရှီဒါဟာ တီရာဒါကို ဆင့်ခေါ်ပြီး နုတ်ထွက်စာ တင်စေခဲ့တယ်လို့ သိရပါတယ်။ တီဒါရာကတော့ သူဟာ ဘယ်လို စည်းမျဉ်း ဥပဒေကိုမှ မချိုးဖောက်ခဲ့ကြောင်း ဖြေရှင်းခဲ့ပြီး စာရင်း အလွဲအမှားတွေကို ပြန်လည် ပြင်ဆင်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အဓိက တာဝန်ထဲမှာ နိုင်ငံရေး ရန်ပုံငွေတွေကို စီမံခန့်ခွဲရတာ ပါဝင်နေတာကြောင့် ဒီလို အလွဲအမှားမျိုးက သည်းခံလို့ မရကြောင်း အတိုက်အခံတွေက ဖိအားပေးကြပါတယ်။
ဂျပန် အစိုးရ အဖွဲ့ဝင် တချို့ဟာ ရှုပ်ထွေးမှုနဲ့ ပြဿနာပေါင်းစုံ ကြုံတွေ့နေတဲ့ ဘာသာရေး ဂိုဏ်းတစ်ခုနဲ့ ဆက်နွှယ်မှု ရှိနေခြင်းကြောင့်လည်း အတော်လေး ဂယက်ရိုက်ခတ် ခံနေရချိန်မှာ ဝန်ကြီးတွေ နုတ်ထွက်ရတဲ့ ပြဿနာက တစ်ပူပေါ် နှစ်ပူဆင့်စေပါတယ်။
အောက်တိုဘာ ၂၄ ရက်ကလည်း ဂျပန်ရဲ့ စီးပွားရေး ပြန်လည်ထူထောင်မှု ဝန်ကြီး ဒိုင်ရှီရို ယာမာဂီဝါဟာ အငြင်းပွားစရာ ဘာသာရေးဂိုဏ်းနဲ့ ဆက်နွှယ်မှုကို အကျေအလည် မဖြေရှင်းတာကြောင့် ဝေဖန် ရှုတ်ချမှုတွေ ကြုံရပြီး ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၁၀ လလောက်ကလည်း တရားရေး ဝန်ကြီး ယာဆူဟီရို ဟာနာရှီက သူ့အလုပ်ဟာ သေးသိမ်ပြီး သေဒဏ် စီရင်မှုတွေကို လက်မှတ်ရေးထိုး အတည်ပြုချိန်လောက် ကျမှသာ သတင်းတွေက အာရုံစိုက်လေ့ရှိကြောင်း နှုတ်ဖွာမိတာကြောင့် ရာထူးက ထုတ်ပယ် ခံခဲ့ရပါတယ်။