အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံ ကျင်းပရာ နေရာကို ဦးတည် ချီတက်လာတဲ့ ဆန္ဒပြသူတွေနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၈ ရက်က အရေအတွက် ၅၀ လောက် ပါဝင်တဲ့ လူစုလူဝေးဟာ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာနဲ့ အေပက် ညီလာခံကို ဆန္ဒပြဖို့ ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ဘန်ကောက်မှာရှိတဲ့ အစည်းအဝေး ကျင်းပရာ နေရာကို ဦးတည်ချိန်မှာ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက တားဆီးတာကြောင့် ပြဿနာ တက်ခဲ့တာပါ။
ဆန္ဒပြသူတွေက ကျောက်တုံးတွေ၊ ရေဘူးတွေ၊ ဖန်ကွဲစတွေနဲ့ ပစ်ပေါက်ခဲ့သလို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကလည်း ရာဘာကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့ကြပါတယ်။ အဲဒီလို ရုတ်ရုတ်သဲသဲ အခြေအနေတွေဟာ ဝန်ကြီးချုပ် ပယာရွတ်သ်က အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ် အပါအဝင် အာရှ-ပစိဖိတ် နိုင်ငံခေါင်းဆောင်တွေကို ဧည့်ခံရာ ညီလာခံ ခန်းမနဲ့ ၈ ကီလိုမီတာလောက်သာ ကွာဝေးပါတယ်။
မျက်မြင်တွေကတော့ ဒီပြဿနာတွေဟာ ဆန္ဒပြသူတွေက ရဲကားတစ်စီးကို ငရုတ်ရည်တွေ လောင်းပြီး အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို ငရုတ်ငွေ့တွေနဲ့ လှမ်းမှုတ်ရာက အစပြုခဲ့တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေထဲက ၂၅ ယောက်လောက်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ ဝတ္တရားနှောင့်ယှက်မှု၊ ဖျက်ဆီးမှု၊ မီးရှို့မှုတွေအတွက် ဖမ်းဆီးထားကြောင်းလည်း ရဲတွေက ဆိုပါတယ်။
ပဋိပက္ခတွေအတွင်း လူ ၁၀ ဦးလောက် အနည်းအကျဉ်း ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။ ဆန္ဒပြသူတွေကို အနုနည်းနဲ့ ထိန်းသိမ်းလို့ မရတော့တဲ့အတွက် လိုအပ်တဲ့ အတိုင်းအတာမျိုးနဲ့ တုံ့ပြန် ဆောင်ရွက်ခဲ့တယ်လို့ တော်ဝင် ထိုင်းရဲတပ်ဖွဲ့ရဲ့ ရဲမှူးချုပ် အာချေယွန် ကရိုင်သွန်က ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေက အေပက်ညီလာခံ ကျင်းပရာ နေရာတဝိုက်ကို လုံခြုံရေး တင်းကျပ်ထားသလို လမ်းအတားအဆီးတွေလည်း ချထားပါတယ်။ အေပက် ညီလာခံမှာ လုံခြုံရေး ယူဖို့အတွက် ထိုင်းအစိုးရဟာ ရဲအင်အား ၂၈၀၀၀ လောက်ထိ အသုံးပြုထားပါတယ်။
ဒီနှစ်ညီလာခံကို တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ကနေဒါ၊ ဩစတြေးလျစတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။