မန္တလေးမှာ စစ်တပ်ကကျူးကျော်ဆိုပြီးဖျက်လို့ အိမ်ထောင်စုပေါင်းလေးထောင် ဒုက္ခရောက်

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ထဲက မန္တလေး-လားရှိုးမီးရထားလမ်းဘေးတလျှောက်မှာရှိတဲ့နေအိမ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကစပြီး ကျူးကျော်အိမ်တွေဆိုပြီး စစ်တပ်ကဖိအားပေးဝင်ရောက်ဖျက်ပစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးတိုင်း ပြည်ကြီးတံခွန် ၊ အောင်မြေသာဇံ ၊ မန္တလေး-လားရှိူးမီးရထားလမ်းဘေး နဲ့ မန္တလေး ၄၉ လမ်းမပေါ် ၊ ရွှေမန်းလမ်း ဇီးအုပ်ကျေးရွာ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့နေအိမ်တွေကိုစစ်တပ်က ကျူးကျော်လို့အမည်တပ်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၅ ရက် ကနေ့စလို့ ဘူဒိုဇာတွေနဲ့ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။

စည်ပင်နဲ့အုပ်ချုပ်ရေးမှူးအပါအဝင်ပျူစောထီးအုပ်စုတွေကအချိန် ၂နာရီလောက်သာပေးပြီး အိမ်တွေကို ပလပ်မြေဆိုပြီး ဝင်ဖျက်ခဲ့တာကြောင့် အဲဒီနေရာတွေမှာနေထိုင်တဲ့အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်ဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ နေအိမ်ဖျက်ခံရသူတွေကပြောပြကြပါတယ်။

‘’ဘာပြောချင်လဲဆိုတော့ ပြည်သူတွေအကုန်လုံးက ငွေတွင်းထဲနှိုက်ဝယ်ထားတာမဟုတ်ဘူး။လူမဆန်တဲ့လုပ်ရပ်တွေပဲ၊ ကိုယ့်ရဲ့ အသိုက်အမြုံကိုဖျက်ဆီးခံလိုက်ရတာလေ။သူတို့ကိုအရင်ထက်ပိုစက်ဆုပ်တယ်’’ လို့ နေအိမ်ဖျက်ဆီးခံရလိုက်ရတဲ့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာရှိနေတဲ့ မီးရထားအိမ်ရာအနီးနဲ့ မြို့အစွန်တွေဘက်ကနေအိမ်တွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီးရှင်းလင်းခဲ့ပါတယ်။

နေအိမ်တွေကို ကျူးကျော်ဆိုပြီးဖျက်ဆီးပစ်ပေမယ့် ဘာအတွက်ဖျက်ရတယ်ဆိုတာကိုလည်း ထုတ်ပြန်ကြေညာတာမရှိပါဘူး။

ပြီးခဲ့တဲ့ အရပ်သားအစိုးရ NLD လက်ထက်မှာတော့ ကျူးကျော်တွေကို ပြန်လည်နေရာချထားပေးဖို့ အတွက် စာရင်းပြုစုကောက်ခံတာတွေလုပ်ခဲ့ပါသေးတယ်။

ပြည်တွင်းမှာ ကိုဗစ်ရောဂါနဲ့ အာဏာသိမ်းမှုကြားက အထွေထွေအကျပ်တည်းတွေဖြစ်နေတဲ့အချိန်မှာ အခုလို နေအိမ်တွေကို ကျူးကျော်အဖြစ်ဖျက်နေတာတွေကိုလည်း တော်လှန်ရေးအင်အားစုတွေနဲ့ လူ့အခွင့်အရေးလေ့သာသူတွေက ထောက်ပြဝေဖန်နေပါတယ်။