ဘားအံမြို့ မိကရင်ရွာက နေအိမ်တအိမ်ကို BGF က ပစ်ခတ်လို့ကလေးတဦးအပါအဝင် လေးဦးသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မိကရင်ရွာက နေအိမ်တအိမ်ကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က နိုဝင်ဘာ (၁၇) ရက် မနေ့က ညနေငါးနာရီဝန်းကျင်မှာ လက်နက်ငယ်တွေနဲ့ပစ်ခတ်သွားတာကြောင့် ၇ နှစ်အရွယ် ကလေးတဦးအပါအဝင် သုံးဦးသေဆုံးသွားတယ်လို့ အဲ့ဒီရွာခံတဦးက DNA ကိုပြောပါတယ်။

“သတင်းအမှားရပြီး လာပစ်တယ်လို့ ထင်တာပဲ၊ ပစ်ခံရတဲ့အိမ်ကရွာထိပ်က လယ်ထဲမှာ ၊အိမ်ကတလုံးထဲ၊ တမိသားစုလုံးထိတာ၊ အိမ်က ကားကူးတဲ့လှေဆိပ်နဲ့နီးတယ်၊ အင်အားက နှစ်ဆယ်လောက်ရှိတယ်၊ ကားနှစ်စီးနဲ့လာတာ ” လို့ သူကပြောပါတယ်။

အဲ့ဒီBGF တပ်ဖွဲ့ဝင်တွေထဲက နှစ်ဦးက ရွာထဲက နေအိမ်ကို ပစ်ခတ်တာဖြစ်တယ်လို့ ရွာခံသတင်းရင်းမြစ်က ဆိုပါတယ်။

အဲ့ဒီလို ပစ်ခတ်ခံရတာကြောင့် မိကရင်ရွာက ခုနစ်နှစ်အရွယ်ကလေးတဦး၊ (၂၄) နှစ်အရွယ် အမျိုးသားတဦး၊ အသက်ငါးဆယ်အရွယ် အမျိုးသမီးတဦးနဲ့ ရွာထိပ်မှာ အလုပ်လုပ်နေတဲ့ ကော့ဖျံရွာသား အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတဦးတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲက ခုနစ်နှစ်အရွယ်ကလေးနဲ့ (၂၄)နှစ်အရွယ်အမျိုးသားဟာ မောင်နှမတွေဖြစ်ပြီး အသက်ငါး ဆယ်အရွယ်အမျိုးသမီးကတော့ မောင်နှမနှစ်ဦးရဲ့ အဒေါ်ဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ချိန်မှာ အဲ့ဒီကျေးရွာအနီး တိုက်ပွဲဖြစ်နေတာလည်း မရှိဘဲ နယ်ခြားစောင့်တပ်ဖွဲ့က ဘာကြောင့် အဲ့ဒီနေအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတာ ဒေသခံတွေကိုယ်တိုင် မသိကြဘူးလို့ဆိုပါတယ်။

ဘားအံဒေသအတွင်းမှာ လက်နက်ကိုင်တပ်ပေါင်းစုံလှုပ်ရှားမှုတွေရှိပေမယ့် အခုရက်ပိုင်းအတွင်းမှာတော့ ဘားအံ မြို့တဝိုက်မှာ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေဖြစ်တာ မတွေ့ရပါဘူး။အဲ့ဒီပစ် ခတ်မှုကြောင့် ရွာခံတွေ စိုးရိ မ်နေကြတယ်လို့ ဆိုပါတယ်။

မိကရင်ကျေးရွာဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ရွာအနီးမှာ ဘိလပ်မြေစက်ရုံဆောက်ဖို့ စီစဉ် တာကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ လူသိများခဲ့ဖူးတဲ့ ဘားအံမြို့ သံလွင်မြစ် အနောက်ဖက်ကမ်း အနီးကရွာတရွာဖြစ်ပါတယ်။ အဲ့ဒီရွာအနီးက ဒေါလာအင်းဟာလည်း ဒေသတွင်းမှာ လူသိများထင်ရှားပါတယ်။