အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်ပါတီ အင်အားစု အကြီးအကဲ အဖြစ်ကနေ နန်စီပလော့စီက နုတ်ထွက်တော့မယ်လို့ သိရပါတယ်။
ပလော့စီဟာ အောက်လွှတ်တော်ရဲ့ ဒီမိုကရက် အင်အားစုကို ဆယ်စုနှစ် နှစ်ခုနီးပါးလောက်ထိ ဦးဆောင်ခဲ့ပြီး အမေရိကန် နိုင်ငံရေး နယ်ပယ်မှာ လူအများ လေးစားမှုကို ခံခဲ့ရသူပါ။ အသက် ၈၂ နှစ်အရွယ် ပလော့စီဟာ အောက်လွှတ်တော် ဒီမိုကရက် အမတ်တွေထဲမှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်ခံရသလို အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ပထမဆုံး ထမ်းဆောင်ဖူးတဲ့ အမျိုးသမီး အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။
သူဟာ အောက်လွှတ်တော်မှာ ကယ်လီဖိုးနီးယား ခရိုင် ကိုယ်စားပြု အမတ်အနေနဲ့ ဆက်ရှိနေမှာ ဖြစ်ပေမယ့် ဒီမိုကရက် ကိုယ်စားပြု လွှတ်တော် အကြီးအကဲ ရာထူးမှာတော့ ဆက်ပြီး တာဝန်ယူတော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ကြားကာလ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီက ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရပြီး အောက်လွှတ်တော်ကို တကျော့ပြန် ထိန်းချုပ်ခွင့် ရသွားတဲ့နောက် ပလော့စီရဲ့ အခုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။
ရီပတ်ဘလစ်ကန် ပါတီရဲ့ ကီဗင် မက္ကာသီဟာ ပလော့စီရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ဆက်ခံမယ်လို့ ယုံကြည်ရပါတယ်။ သူဟာ လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ဒီမိုကရက် ပါတီရဲ့ အောက်လွှတ်တော် အကြီးအကဲ ရာထူးအတွက် ထပ်မံယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း ပလော့စီက သူ့ရဲ့ ထုတ်ပြန်ချက်မှာ အတည်ပြုခဲ့ပါတယ်။
ပလော့စီဟာ သူ့ရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရာထူး သက်တမ်းကုန်ဆုံးတဲ့ ဇန်နဝါရီလထိတော့ ရှိရင်းစွဲ တာဝန်တွေကို ထမ်းဆောင်သွားဦးမှာ ဖြစ်ပါတယ်။ သူဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အောက်လွှတ်တော် ဒီမိုကရက်ပါတီ အကြီးအကဲဆိုတဲ့ ဂုဏ်ပုဒ်တွေကို စွန့်လွှတ်လိုက်ပေမယ့် ၁၉၈၇ ခုနှစ် ကတည်းက သူပိုင်ဆိုင်ခဲ့တဲ့ ရွေးကောက်ခံ အမတ်နေရာကိုတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထိ ဆက်လက် ထိန်းသိမ်းထားပါလိမ့်မယ်။
အောက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးဟာ ရာထူးသတ်မှတ်ချက် အဆင့်အရ သမ္မတ၊ ဒုတိယ သမ္မတတို့ပြီးရင် အမေရိကန်မှာ အဆင့်အမြင့်ဆုံး အုပ်ချုပ်ရေး အရာရှိ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ပလော့စီဟာ အမေရိကန် သမိုင်းကြောင်းမှာ အကျိုးသက်ရောက်မှုတွေ အကြီးမားဆုံး ဖန်တီးပြခဲ့တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌလို့ ချီးကျူး ညွှန်းဆိုသွားခဲ့ပါတယ်။