လွှတ်တော်အမတ်တဦး၊အလွတ်သတင်းထောက်တဦးအပါအဝင် ပြည်အကျဉ်းထောင်က အကျဉ်းသား သုံးဆယ်ကျော် ပြန်လွတ်

စစ်ကောင်စီက နိုင်ငံတဝန်းက အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်နဲ့ ဒီကနေ့ပြန်လွှတ်ပေးရာမှာ ပြည်အကျဉ်း ထောင်ကနေ NLDပါတီဝင် တိုင်းလွှတ်တော်အမတ်တဦး၊အလွတ်သတင်းထောက်တဦးအပါအဝင် (၃၂) ဦး ပြန် လွတ်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ပြည်အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် ၊NLDပါတီဝင်ဟောင်း ဦးကျော်ဆန်းနဲ့ တကိုယ်တော်ဆန္ဒပြမှုတွေကြောင့် လူသိများတဲ့ ဦးဝင်းလှိုင်၊အလွတ်သတင်းထောက်ကိုလပြည့်တို့ပါ ဝင်တယ်လို့ သိရပါတယ်။

ပေါက်ခေါင်းမြို့နယ် တိုင်းလွှတ်တော်အမတ်ဦးဝင်းနိုင်ကို အာဏာသိမ်းတဲ့နေ့မှာစစ်ကောင်စီကဖမ်းဆီးပြီး နောက်ထောင်နှစ်နှစ်ချထားတာဖြစ်ပါတယ်။ဒါကြောင့် ဦးဝင်းနိုင်ဟာ နှစ်နှစ်နီးပါး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးပါပြီ။

တကိုယ်တော်ဆန္ဒပြမှုတွေနဲ့ လူသိများတဲ့ ပြည်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဝင်းလှိုင်ဟာ ၂၀၂၁ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒီဇင်ဘာလမှာ ပြည်တရားရုံးက ထောင်နှစ်နှစ်အမိန့်ချမှတ်ခဲ့တာပါ။ ဦးဝင်းလှိုင်ရဲ့ သားနှစ်ဦးကိုလည်းစစ်ကောင်စီက တရက်တည်းမှာ ထောင်နှစ်နှစ်အမိန့်ချထားပြီး ဒီကနေ့လွတ်ငြိမ်းခွင့်မှာ အတူလွတ်မြောက်လာတယ်လို့သိရပါတယ်။

အလွတ်သတင်းထောက်ကိုလပြည့်ကတော့ ၂၀၂၁ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဒါ့ အပြင် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုမှာပါဝင်လို့အဖမ်းခံရတဲ့ ပြည်မြို့ခံ အမျိုးသမီးတစ်ဦး အ ပါ အဝင် အာဏာသိမ်းမှုဆန့်ကျင်ရေး အကြေင်းအရာတွေ လူမှုကွန်ရက်မှာရေးတင်လို့ ဖမ်းဆီးခံခဲ့ရသူတ ချို့လည်း လွတ်မြောက်လာပါတယ်။

ပြည်မြို့အကျဉ်းထောင်ကနေ စုစုပေါင်း (၃၂)ဦးလွတ်မြောက်ရာမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှဦးပါဝင် တယ်ဆို တာကိုတော့ အတိအကျမသိရသေးပါဘူး။စစ်ကောင်စီရဲ့ ဒီကနေ့ လွတ်ငြိမ်းခွင့်မှာ NLD ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင်တချို့နဲ့ ထင်ရှားတဲ့နိုင်ငံရေးသမားကိုမြအေး၊စာရေးဆရာ မောင်သာချိုတို့လည်း လွတ်မြောက်ခဲ့ပါတယ်။

ဒီကနေ့ စစ်ကောင်စီက အကျဉ်းသားခြောက်ထောင်ဝန်းကျင် လွတ်ပေးခဲ့ပေမယ့် လွတ်မြောက် လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးရေးအကျဉ်းသား တဆယ် ရာခိုင်နှုန်းဝန်းကျင်သာ ပါဝင်ပါတယ်။