ဘီယာဆိုင်မှာ ဘိလိယက်ထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီးနှစ်ဦးသေ

ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာ ဘီယာဆိုင်မှာ ဘီယာသောက်ရင်း ဘိလိယက်ထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ နေ့လယ်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်လူနှစ်ဦးက ဝင်ရောက်ပစ်ခတ်လို့ စစ်ကောင်စီဘက်က နှစ်ဦးသေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

” ဘိလိယက်ထိုးတဲ့ထဲမှာ မြောက်စည်းစခန်းမှူးရောပါတယ်လို့ကြားတယ်၊ ဝင်ပစ်တော့ စခန်းမှူးရောကျန်တဲ့လူတွေရော ဘီယာဆိုင်အနောက်ဘက် လယ်ကွင်းတွေထဲ ထွက်ပြေးကြတာ၊ နှစ်ယောက်သေပြီး သေနတ်အတိုနှစ်လက် ပိုက်ဆံတွေယူသွားတယ်ကြားတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့ဘီယာဆိုင်ဟာ မြောက်စည်းရွာသစ်ကလေး – ဂန့်ဂေါလမ်းမကြီးအနောက်ဘက်မှာရှိပြီး ဘိလိယက်ခုံပါရှိကာ ဆိုင်ပိုင်ရှင်ရဲ့သမက်ဖြစ်သူဟာ ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ကလေးမြို့ခံတွေကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့လုပ်တယ်ဆိုတာမသိရသေးသလို ဒေသခံတော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်တာလည်းမရှိသေးပါဘူး။
ပစ်ခတ်မှုလုပ်ခဲ့တဲ့ လက်နက်ကိုင်နှစ်ဦးကတော့ ပစ္စတို နှစ်လက်၊ဗုံးသီးနှစ်လုံး၊ဖုန်းတွေနဲ့ငွေသား သုံးသိန်းကျော်ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲ့ဒီပစ်ခတ်မှုနဲ့ဖြစ်ရာ အနီးဝန်းကျင်မှာ စုံစမ်းစစ်ဆေးတာတွေလုပ်နေပြီး မဆိုင်သူတွေကိုရမ်းသန်း ဖမ်းဆီးမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။

“ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သူတို့စစ်ဆေးစုံစမ်းနေတာတွေရှိတယ်၊ဘယ်သူတွေကို ဖမ်းတယ်ဆိုတာမျိုးတော့ မကြားသေးဘူးဗျ၊သူတို့က ကျော်ရွာဘက် တွေအထိ pdf ကလေးတွေကို တစ်ဦးချင်းဖမ်းတာမျိုးတွေ လုပ်လေ့ရှိတယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။