မုံရွာနဲ့ မြင်းခြံထောင်က ကျောင်းသားခေါင်းဆောင်တချို့နဲ့ တက်ကြွလှုပ်ရှားသူတချို့ပြန်လွတ်လာ

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မုံရွာသပိတ်ကော်မတီက တကသကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုရွှေဝင့်အောင်၊ ကိုရှင်းသန့်တို့နဲ့အတူ ဗသသအဖွဲ့ဝင်ဟောင်း မဖူးသိမ့်သိမ့်တုန်နဲ့ ကိုနေဦးတို့ဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ မြင်းခြံအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဇော်သူရိန်ထွန်း၊ မအေးချမ်းမြေ့နဲ့ ဇာတ်မင်းသားရန်နိုင်ကျော်နဲ့အတူ စစ်ကောင်စီက ဖမ်းဆီးထားသူတချို့လည်း မြင်းခြံထောင်ကနေ လွတ်မြောက်လာတဲ့အကြောင်း DNA က စုံစမ်းသိရှိရပါတယ်။

ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်တဲ့နေ့မှာတော့ မုံရွာအကျဉ်းထောင်ကနေ အမျိုးသား ၄၀ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၄၁ ဦး ပြန်လွတ်မြောက်လာပြီး ထောင်ရှေ့ တမာတန်းလမ်းကို စစ်တပ်ကလမ်းပိတ်ထားတာကြောင့် မိသားစုတွေဟာ ထောင်အနီးဝန်းကျင်ကနေလွတ်မြောက်လာသူတွေကို စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။