ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံတွေ စုဖွဲ့ထားတဲ့ G20 အဖွဲ့မှာ ရုရှားကို ဖယ်ထုတ်ပြီး G19လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရည်ညွှန်း သုံးနှုန်းခဲ့ပါတယ်။
ကိယက်ဗ်မှာ ရှိနေတဲ့ ဇီလန်စကီးဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့မှာ G20 ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဆီ ရည်ညွှန်းတဲ့ ဗီဒီယို မိန့်ခွန်းမှာ စစ်ပွဲ ရပ်တန့်ရေး ဝိုင်းဝန်း အကူအညီပေးဖို့ ပန်ကြား တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ G20ထဲမှာ ရုရှားကို ဖယ်ထုတ်ထားကြောင်း ပေါ်လွင်စေဖို့အတွက် G19လို့ ပြောင်းလဲ သုံးနှုန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း စစ်ပွဲကြောင့် အမေရိကန် အပါအဝင် အနောက် မဟာမိတ် နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာနေတဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ အခုနှစ် G20 ညီလာခံကို မတက်ရောက်ခဲ့ဘဲ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကိုသာ အစားထိုး စေလွှတ်ခဲ့ပါတယ်။
G19ဆိုတဲ့ စကားလုံးကို ထပ်ကာထပ်ကာ သုံးနှုန်းသွားတဲ့ မိန့်ခွန်းထဲမှာ ဇီလန်စကီးက မကြာခင်မှာ သက်တမ်းကုန်တော့မယ့် ယူကရိန်း ကောက်ပဲသီးနှံ တင်ပို့ခွင့် သဘောတူညီမှုကို သက်တမ်း ထပ်တိုးပေးနိုင်ရေး ကူညီ ဆောင်ရွက်ပေးဖို့လည်း နိုင်ငံတကာ ခေါင်းဆောင်တွေကို ပန်ကြားသွားပါတယ်။ အဲဒီ သဘောတူညီမှုအရ ယူကရိန်းက ထွက်ရှိတဲ့ ကောက်ပဲသီးနှံတွေကို ရေကြောင်းကနေ အနှောင့်အယှက်မရှိ တင်ပို့နိုင်ဖို့ ရုရှားရေတပ်က ကန့်သတ် ခွင့်ပြုပေးထားပါတယ်။
G20 ညီလာခံမှာတော့ မူကြမ်း သဘောတူညီချက် တစ်စောင်ကို ကြေညာရာမှာ အရင်ကတည်းက ယိမ်းယိုင်ပြီး ထိလွယ်ရှလွယ် ဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးကို အခြေအနေ ဆိုးသထက် ဆိုးသွားစေတဲ့ ယူကရိန်း စစ်ပွဲကို ရှုတ်ချကြောင်းနဲ့ ဘယ်လို နျူကလီးယားလက်နက် အသုံးပြု တိုက်ခိုက်မှုမျိုးကိုမဆို လက်သင့်ခံနိုင်မှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။ ရုရှား နိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့ဗ်ကတော့ ဒီကြေညာချက်ရဲ့ နောက်ကွယ်မှာ ယူကရိန်းရဲ့ မဟာမိတ် အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေး ပယောဂ သွေးထိုးမှုတွေ ပါဝင်နေကြောင်း ဝေဖန်သွားပါတယ်။