တမူးမြို့အနီး တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံး

စစ်ကိုင်းတိုင်း အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့အနီးမှာ နိုဝင်ဘာ (၁၄) ရက်ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးတယ်လို့ ဒေသခံတချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“မနေ့ကညနေကစ မြို့ထွက်မှာစစ်ကားတွေချထားတာ၊ညနေပိုင်းမှာ တိုက်ပွဲဖြစ်ကြတယ်၊ ပစ်ခတ်သံတွေကြားရတယ်၊ ကလေးတွေဘက်က တစ်ယောက်ထိတယ်ကြားတယ်” လို့ တမူးမြို့ခံတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တမူးမြို့မှာ အိန္ဒိယဘက်ကပေးတဲ့ စစ်လက်နက်ဆက်စပ်ပစ္စည်းတွေလို့ ယူဆရတဲ့ အရာတွေကို စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်ချိန်မှာ နှစ်ဘက်စစ်ရေးတင်းမာ မှု တွေရှိခဲ့ပြီး မနေ့ကညနေပိုင်းမှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တာပါ။

ပစ္စည်းလာသယ်တဲ့စစ်ကောင်စီစစ်ကြောင်းဟာ တမူးမြို့ကနေပြန်လည်ထွက်ခွာဖို့ လုပ်တာမှာ တိုက်ခိုက် ခံရပြီး တိုက်ပွဲဖြစ်တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မနေ့ကညနေကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ပ.က.ဖ ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူး။ တမူးမြို့ကနေထွက်ထွက်ခွာ သွားတဲ့ စစ် ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာ လေးမိုင်ကုန်းဘက်ကိုရောက်နေပြီလို့ သိရပြီး စစ်ရေး တင်း မာ နေပေမယ့် တိုက်ပွဲဖြစ်သံမကြားရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

မနေ့က တမူးမြို့ အနီးမှာ တိုက်ပွဲဖြစ်ခဲ့သလို နိုဝင်ဘာ (၁၅) ရက် ဒီကနေ့မနက်အစောပိုင်း နှစ်နာရီလောက်ကလည်း တမူးမြို့တွင်းက စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ခဲ့တဲ့ နန်းဖာလုံ အ.ထ.က (ခွဲ)ကျောင်းထဲမှာ လည်း မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

“ကျောင်းအုပ်ဆရာကြီးနေခဲ့တဲ့ အဆောင်လောင်တာပါ၊ကျောင်းကလောင်စရာမရှိတော့ဘူး၊ ဆေးသမား တွေခွာ ယူကြလို့ ပြတင်းပေါက်တွေရော၊ ပစ္စည်းတွေရော ဘာမှမကျန်တော့ဘူး” လို့ တမူးမြို့ခံတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်ရတဲ့အကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး။မီးလောင်မှုဖြစ်ခဲ့တဲ့နန်းဖာလုံ အထက (ခွဲ)မှာ ပြီးခဲ့ သုံးရက်လောက်က စစ်ကောင်စီ တပ်အင်အား ခြောက်ဆယ်လောက် တပ်စွဲနေထိုင်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီလို တပ်စွဲထားချိန်မှာ ကျောင်းသွပ်မိုးကို လာဖြုတ်ခိုးယူတဲ့ ဆေးသမားတစ်ဦးလည်း စစ်ကောင်စီတွေရဲ့ ပစ်ခတ်မူကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေကဆိုပါတယ်။

လက်ရှိတမူးမြို့မှာ စစ်ရေး အခြေအနေတွေရှုပ်ထွေးနေပြီးအိန္ဒိယဘက်က ပစ္စည်းတွေလာသယ်တဲ့ စစ် ကောင်စီ တပ်တွေ မြို့တွင်းအဝင်အထွက်ရှိနေသလို ဒေသကာကွယ်ရေးတပ်တွေကလည်း ကလေး- တမူးလမ်းမကြီးကို သွားလာခွင့် ပိတ်ပင်ထားပါတယ်။