စစ်တပ်ကဖမ်းဆီးထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွား ပြန်လွတ်လာ

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်တပ်ကဖမ်းဆီးလိုက်သူတွေထဲကဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ ရက်ဂေးလ်အဆိုတော် စောဖိုးခွားတို့ ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
သူတို့ နှစ်ဦးလုံးဟာ စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းကဖမ်းဆီးခံလိုက်ရသူတွေထဲမှာ ပါဝင်သူနှစ်ဦးဖြစ်ပါတယ်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့သလို အဆိုတော် စောဖိုးခွားကိုလည်း သဘာဝဘေးစီမံ ခန့်ခွဲမှုပုဒ်မ ၃၀(က)နဲ့ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခဲ့ပြီးထောင် ၂နှစ် အသီးသီးချမှတ်ခံထားရသူတွေဖြစ်ပါတယ်။

ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရတဲ့ သူတို့ နှစ်ဦးလုံးဟာဆိုရင် တနှစ်နဲ့ ကိုးလနီးပါးအထိ အကျဉ်းကျခံပြီးမှ အခုလိုပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာလည်းဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံလိုက်ရသူတွေထဲက တဦးဖြစ်တဲ့ လူငယ်ဗေဒင်ဆရာလင်းညှို့တာရာဟာ လွတ်ရက်စေ့လို့ပြန်လည်လွတ်မြောက်လာပါတယ်။

အလားတူပဲ အောက်တိုဘာ လထဲမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့အဆိုတော်ပိုပိုနဲ့ လူမှုကွန်ရက်မှာနာမည်ကြီးတဲ့ မိတ်ကပ်ဘလော့ဂါ ဝင်းမင်းသန်းတို့ကို စစ်တပ်ကပြန်လွှတ်ပေးလိုက်တာတွေ့ရပါတယ်။

အခုလို နာမည်ကြီးထင်ရှားသူတချို့ကို စစ်ကောင်စီကပြန်လွှတ်ပေးနေတာတွေရှိသလိုတဖက်မှာလည်း စစ်တပ်ကိုဆန့်ကျင်ရာမှာ ပါဝင်သူတွေကို ပုံစံမျိုးစုံနဲ့ ဖမ်းဆီးဖိနှိပ်တာတွေကလည်းရပ်တန့်သွားတာမရှိတာတွေ့ရပါတယ်။