တရုတ်နဲ့ စစ်အေးတိုက်ပွဲသစ် မဖြစ်နိုင်ဘူးလို့ ဘိုင်ဒန်ပြော 

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုတွေကနေ နောက်ထပ် စစ်အေးတိုက်ပွဲ ကာလတစ်ခု ပေါ်ပေါက်လာစရာ အကြောင်းမရှိဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ G-20 ညီလာခံအကြို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ဘိုင်ဒန်က အခုလို ပြောဆိုခဲ့တာပါ။ ဘိုင်ဒန် သမ္မတ ဖြစ်လာပြီး ၂ နှစ်လောက် ကာလအတွင်း တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံတာ အခုတစ်ကြိမ် ပထမဆုံးပါပဲ။ 

သူတို့နှစ်ဦး တွေ့ဆုံမှုရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် လက်ရှိ အတင်းမာဆုံး အနေအထားထိ ဖြစ်နေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ဖြေလျှော့ဖို့ နှစ်ဖက်စလုံးက လိုလိုလားလား ဆွေးနွေးခဲ့ဟန် ရှိပါတယ်။ 

ဘိုင်ဒန်က တရုတ်-အမေရိကန် မျက်မှောက်ခေတ် အားပြိုင်မှုဟာ အရင်က အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ တင်းမာမှုလို စစ်အေးခေတ်မျိုး ပေါ်ထွန်းလာစေမှာ မဟုတ်ကြောင်း၊ နှစ်ဖက်စလုံးဟာ ဘက်ပေါင်းစုံ ပြိုင်ဆိုင်မှုတွေကနေ ပဋိပက္ခတွေအသွင် ကူးပြောင်းမသွားအောင် ထိန်းညှိကြရမှာဖြစ်ကြောင်း ပြောပါတယ်။ နောက်ပြီး လတ်တလော အခြေအနေအရ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံး သိမ်းပိုက်မယ့် အလားအလာ မရှိသေးဘူးလို့လည်း ဘိုင်ဒန်က မှတ်ချက် ပေးခဲ့ပါတယ်။ 

ရှီကလည်း တရုတ်နဲ့ အမေရိကန်တို့ကြား ဆက်ဆံရေးကို လွန်လွန်ကဲကဲ ဆိုးရွားမသွားအောင် အစီအမံတွေ ချမှတ်ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိ သဘောထား ကွဲလွဲမှုတွေကိုလည်း ကုစား အဖြေရှာသင့်တယ်လို့ မှတ်ချက် ပေးသွားပါတယ်။ 

ရှီနဲ့ ဘိုင်ဒန်တို့ဟာ စူပါပါဝါ နိုင်ငံကြီးနှစ်ခုကြား ဘက်ပေါင်းစုံ တင်းမာမှုတွေ အမြင့်မားဆုံး ရောက်ရှိနေချိန်မှာ လူချင်းတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဘိုင်ဒန် သမ္မတ ဖြစ်လာပြီးနောက်ပိုင်း သူနဲ့ ရှီနဲ့ကြားမှာ ဖုန်း၊ Video Callတွေနဲ့ ဆက်သွယ် ဆွေးနွေးမှုကတော့ ၅ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။