မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ အလေးအနက် စဉ်းစားနေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ပီရက်စ်မော်ဂန်နဲ့ TalkTV အင်တာဗျူး အစီအစဉ်မှာ လက်ရှိ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်၊ အသင်းပိုင်ရှင်နဲ့ အသင်းတာဝန်ရှိသူတွေအပြင် မန်နေဂျာဟောင်း၊ အသင်းဖော်ဟောင်းတွေကိုပါ ပြင်းပြင်းထန်ထန် ပုတ်ခတ် ဝေဖန်ထားခဲ့ပါတယ်။ သူဟာ တန်ဟက်ဂ်အပေါ် လုံးဝ လေးစားမှု မရှိဘူးလို့ပါ ရော်နယ်လ်ဒိုက အတိအလင်း ဖွင့်ပြောခဲ့ပါတယ်။
ဒီအင်တာဗျူးနဲ့ ပတ်သက်လို့ ယူနိုက်တက်က ရော်နယ်လ်ဒိုကို နှစ်ပတ်စာ လုပ်ခနဲ့ ညီမျှတဲ့ စတာလင်ပေါင် ၁ သန်း ဒဏ်ကြေး တပ်ရိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်ရင် ပြဿနာတွေက ဒီလောက်နဲ့ ပြီးမသွားနိုင်ဘဲ ကစားသမားနဲ့ ကလပ်အသင်းကြား လုံးဝဥဿုံ အကွဲအပြဲ ဖြစ်မယ့် အလားအလာတွေ တွေ့နေရပါတယ်။
ရော်နယ်လ်ဒိုရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးသူ ရီယိုဖာဒီနန်က ဒီအနေအထားမှာ ရော်နယ်လ်ဒိုကို ကာကွယ်ပေးလို့ မရတော့ကြောင်း၊ အသင်းက သူ့ကို ကမ္ဘာ့ဖလား အပြီးမှာ ပြန်ခေါ်ချင်မှာ မဟုတ်တော့သလို သူကလည်း ပြန်လာချင်ပုံ မရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ရော်နယ်လ်ဒိုနဲ့ ယူနိုက်တက်ကြားက အချစ်ဇာတ်လမ်းဟာ အဆုံးသတ်သွားပြီ ဖြစ်သလို ရော်နယ်လ်ဒိုဟာ နောက်ပြန်လှည့်လို့ မရတဲ့ အနေအထားဆီ တွန်းပို့ခဲ့ကြောင်း၊ အသင်းက သူ့ကိုဆက်ပြီး ထိန်းထားချင်တယ် ဆိုရင်တောင် သူပြောလိုက်တဲ့ စကားတွေကြောင့် ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်းလည်း ဖာဒီနန်က ဆိုပါတယ်။
လောလောဆယ်တော့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေပါတယ်။ အသင်းကတော့ ကမ္ဘာ့ဖလား ကာလအတွင်း ရော်နယ်လ်ဒိုနဲ့ စာချုပ်ကိစ္စကို ပြန်လည် လေ့လာ သုံးသပ်ပြီး နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ ဆွေးနွေးလာနိုင်ခြေ ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။
ရော်နယ်လ်ဒိုရဲ့ အနာဂတ်ကို တိတိကျကျ မသိရသေးပေမယ့် တိုက်စစ်မှူး ဆာဒီယို မာနေးရဲ့ ကြံ့ခိုင်မှုအပေါ် အားမရ ဖြစ်နေတဲ့ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်က ရော်နယ်လ်ဒိုကို စိတ်ဝင်စားနေကြောင်းလည်း ကောလာဟလတချို့ ထွက်ပေါ်နေပါတယ်။