မော်လမြိုင်မြို့၊ အရှေ့ဘက်က ဇေယျာ (၃) ရပ်ကွက်မှာက ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတဲ့ နေအိမ်ထဲကို စစ်တပ်က ဝင်ရောက်စီးနင်းဖမ်းဆီးတဲ့ဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
‘’သတင်းပေးသူရှိလို့ ဝင်ဖမ်းတာ၊ မိန်းကလေးတယောက်လည်းပါတယ်။ တယောက်ကလည်း တိုက်ခန်းပေါ်က ခုန်ချတာ ဒဏ်ရာရထားတယ် ပထမတော့ ပိတ်မိနေတဲ့လူတွေရှိတယ်ကြားတာ၊နောက်တော့အကုန်ဖမ်းမိသွားတယ်။ လမ်းမတွေရော ရပ်ကွက်လမ်းတွေရော အကုန်ပိတ်လိုက်ပြီ ‘’ လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီဘက်ကသတင်းတွေကို ဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာလည်း ဖမ်းဆီးခံထားရတဲ့ လူငယ်တွေရဲ့ ဓါတ်ပုံတွေကို ထုတ်ပြန်ထားပြီး ရဲတပ်သားတဦး သေဆုံးတယ်လို့လည်း ရေးသားထားကြပါတယ်။
လက်ရှိမှာတော့ ပစ်ခတ်သံတွေရပ်သွားပြီး မော်လမြိုင်မြို့တွင်း ရပ်ကွက်လမ်းတွေနဲ့ တံတားတချို့ကို စစ်တပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။