မော်လမြိုင်မြို့မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဇေယျာ (၃)ရပ်ကွက်မှာ ဒီကနေ ညနေ လေးနာရီခွဲလောက်ကစပြီး ညပိုင်းအထိစစ် ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်တစု အပြန်အလှန်ပစ်ခတ်မှုဖြစ်နေပြီး ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။

မောလမြိုင်မြို့ အရှေ့ဘက်မှာရှိတဲ့ ဇေယျာ (၃)ရပ်ကွက်က နေအိမ်တိုက်ခန်းတစ်ခုမှာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်တွေ ပုန်းခိုနေတယ်ဆိုတဲ့သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ နိုဝင်ဘာ (၁၄)ရက် ညနေ ပိုင်းမှာ ပိတ်ဆို့ဖမ်းဆီးဖို့ကြိုးပမ်းရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်နေတာလို့ သိရပါတယ်။

“ခဏတုန်းက ကျွန်တော် အဲဒီဘက်ခြမ်းကို သွားကြည့်က်တော့ အရေးပေါ်ကားနှစ်စီးထွက်လာတာ တွေ့ရ တယ်၊ အဲဒီဘက်ခြမ်းကနေပြီးတော့ အရေးတကြီးထွက်လာတဲ့ပုံစံပဲ စကစဘက်ခြမ်းက ထိတော့ ထိသွားပြီး ထင်တယ်”လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း လက်နက်ငယ်တွေအပြင် လက်နက်ကြီး ပစ်သံတွေလည်း ကြားနေရပြီး ဒေသခံနဲ့ DNA အဆက်အသွယ်ရနေချိန် ည၇နာရီကျော်အထိ အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရဆဲပဲလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်မှုဖြစ်နေတဲ့နေရာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားရောက်ရှိလာပြီး ဇေယျာ (၃) ရပ်ကွက်တစ်ခုလုံးကို ပိတ်ဆို့ထားတဲ့အပြင် လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှု တွေ လုပ်ဆောင် နေတယ် လို့ သိရပါတယ်။

နှစ်ဘက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို မော်လမြိုင်မြို့က ဆေးရုံ တရုံကို ပို့ဆောင်ထားရပြီး ပစ်ခတ်မှုမှာ ပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးက လက်နက်ချ အဖမ်းခံလိုက်ပြီလို့ ဇေယျာ (၃) ရပ်ကွက်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ လူနေအိမ်တွေလည်း ရှိနေတဲ့ နေရာဖြစ်ပေမယ့် နာရီနဲ့ချီ ပစ်ခတ်မှုတွေရှိနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အသုံးပြုတာလည်းရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီအပြန်အလှန် ပစ်ခတ်မှုဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ကြတယ်ဆိုတာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရတယ်ဆိုတာတွေကို DNA က ဆက်လက်စုံစမ်းအတည်ပြုုနေပါတယ်။