ပရိသတ်တွေကြားမှာ အကြီးအကျယ် ဂယက်ထစေခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အင်တာဗျူး

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အင်တာဗျူး တစ်ခုဟာ မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းရဲ့ ပရိသတ်တွေကြား အကြီးအကျယ် ဂယက်ထတဲ့ အခြေအနေတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ 

အခုနှစ် ဘောလုံးရာသီမှာ ပွဲထွက်နေရာအတွက် မရေမရာ ဖြစ်နေပြီး ခြေစွမ်းလည်း ကျဆင်းလာတဲ့ ကမ္ဘာကျော် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးက သူဟာ အသင်းရဲ့ သစ္စာဖောက်တာ ခံရတယ်လို့ ခံစားနေမိကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုဟာ နွေရာသီ ကတည်းက ယူနိုက်တက်ရဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကို စွန့်ခွာဖို့ ကြိုးစားခဲ့ဖူးပြီး အခုအခါမှာတော့ ပီရက်စ်မော်ဂန်နဲ့ အင်တာဗျူး အစီအစဉ်မှာ အသင်း တာဝန်ရှိသူတွေနဲ့ အသင်းရဲ့ မူဝါဒတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ယူနိုက်တက်ဖက်ကတော့ ရော်နယ်လ်ဒိုရဲ့ ပြောဆိုမှုတွေအပေါ် တုံ့ပြန်တာမျိုး မတွေ့ရသေးပါဘူး။ 

သူ့ကို အသင်းကနေ ထွက်ခွာအောင် ဖိအားပေးတာမျိုး ရှိသလားလို့ မေးတဲ့အခါ ရော်နယ်လ်ဒိုက မန်နေဂျာ အဲရစ် တန်ဟက်ဂ်တင် မကဘဲ ကလပ်ရဲ့ တာဝန်ရှိသူ နောက်ထပ် နှစ်ယောက်၊ သုံးယောက်ကပါ အားထုတ်နေကြကြောင်း၊ သူဟာ အသင်းမှာ သစ္စာဖောက်ခံရသလို ခံစားမိကြောင်း ဖြေကြားခဲ့ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ရော်နယ်လ်ဒိုက သူ့စကားတွေကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ဂရုမစိုက်ကြောင်း၊ လူတွေက တကယ့် အမှန်တရားကို နားထောင်သင့်ကြောင်း၊ သူ့ကို ဖယ်ထုတ်ဖို့ အသင်းဖက်က ကြိုးစားနေတာ ဒီနှစ်မှာတင် မကဘဲ အရင်နှစ်ကတည်းက ဖြစ်ကြောင်း ဆက်ပြောပါတယ်။ နောက်ပြီး သူဟာ မန်နေဂျာ တန်ဟက်ဂ်အပေါ် လေးစားမှု မရှိကြောင်းလည်း အတိအလင်း ဆိုပါတယ်။ 

တန်ဟက်ဂ်ကို သူက မလေးစားကြောင်း၊ ဘာကြောင့်လဲဆိုတော့ တန်ဟက်ဂ်ကလည်း သူ့ကို လေးစားမှု မပြခဲ့တာကြောင့်ဖြစ်ကြောင်း ရော်နယ်လ်ဒိုက မော်ဂန်ကို ပြောပါတယ်။ ကိုယ့်အပေါ် မလေးစားတဲ့သူကို ကိုယ်ကလည်း လေးစားပြနေစရာ အကြောင်းမရှိဘူးလို့ ရော်နယ်လ်ဒိုက မှတ်ချက် ပေးခဲ့ပါတယ်။ သူဟာ တန်ဟက်ဂ် မတိုင်ခင် ယူနိုက်တက်ရဲ့ ယာယီမန်နေဂျာအဖြစ် တာဝန်ယူခဲ့သူ ရက်ဖ် ရင်းနစ်ကိုလည်း ကြားတောင် မကြားဖူးဘူးလို့ ဆိုပါတယ်။ 

ယူနိုက်တက်ဟာ ဂန္ထဝင် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားချိန် ကတည်းက ဆင့်ကဲတိုးတက်မှု ဘာဆိုဘာမှ မရှိခဲ့ကြောင်း၊ သူက ဒီအသင်းရယ်၊ သူ့အတွက် အမြဲတမ်း ရပ်တည်ပေးခဲ့တဲ့ ပရိသတ်တွေရယ်ကို ချစ်မြတ်နိုးကြောင်း၊ ယူနိုက်တက်ဟာ ကွဲပြားမှုတွေကို လိုလားတယ်ဆိုရင် ပြောင်းလဲပစ်ရမှာတွေ အများကြီး ရှိနေကြောင်းလည်း ရော်နယ်လ်ဒိုက ဝေဖန်ခဲ့ပါတယ်။ 

ဒီရာသီ ယူနိုက်တက်မှာ ရော်နယ်လ်ဒိုရဲ့ အခြေအနေ မတည်ငြိမ်တာနဲ့ ပတ်သက်လို့ အသင်းဖော်ဟောင်း ဝိန်းရွန်နေးက ဝေဖန်ခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုက ရွန်နေးအနေနဲ့ သူ့အပေါ် ဘာကြောင့် ဆိုးဆိုးရွားရွား ဝေဖန်သလဲဆိုတာ နားမလည်နိုင်ကြောင်း၊ ရွန်နေးရဲ့ ကစားသမား ဘဝက အစောကြီး အဆုံးသတ်သွားပြီး သူကတော့ အမြင့်ဆုံးအဆင့်မျိုးမှာ ဆက်ကစားနေနိုင်လို့ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုရဲ့ အင်တာဗျူး အပြည့်အစုံကိုတော့ အခုသီတင်းပတ်ထဲမှာ နှစ်ရက်ခွဲပြီး မော်ဂန်ရဲ့ Talk TV အစီအစဉ်မှာ ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။