ထရမ့်ဇနီးရဲ့ ရှေ့နေဟောင်းက ဆလိုဗေးနီးယားရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာ

ဆလိုဗေးနီးယား ပြည်သူတွေဟာ အမျိုးသမီး တစ်ဦးကို ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး တစ်ဦးကို နိုင်ငံခေါင်းဆောင် နေရာအတွက် မဲပေးရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း သိရပါတယ်။ 

အရင် အမေရိကန် သမ္မတ ကတော်ဟောင်း မယ်လာနီယာ ထရမ့်နဲ့ အဆက်အစပ်ရှိသူ တစ်ဦးလည်းဖြစ်တဲ့ နာတာဆာ ပက်မူဆာဟာ ဆလိုဗေးနီးယား ဗဟိုလက်ဝဲယိမ်း အစိုးရရဲ့ အားပေး ထောက်ခံမှုနဲ့အတူ ရွေးကောက်ပွဲမှာ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ 

ဂျာနယ်လစ်နဲ့ ရှေ့နေ တစ်ဦးဖြစ်တဲ့ မူဆာဟာ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အရေအတွက် ၅၄ ရာခိုင်နှုန်းထိ ရခဲ့ပြီး စစ်ပြန် ကွန်ဆာဗေးတစ် နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အန်ဇီလိုဂါကို အနိုင်ရခဲ့ပါတယ်။ လိုဂါကတော့ မဲအရေအတွက် ၄၆ ရာခိုင်နှုန်းလောက်သာ ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ 

ဒါပေမဲ့ လူဦးရေ ၂ သန်းလောက်သာရှိတဲ့ ဥရောပ အလယ်ပိုင်း နိုင်ငံလေးမှာ မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ ၅၀ ရာခိုင်နှုန်းအောက်သာ မဲလာပေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ မူဆာကတော့ ဆလိုဗေးနီးယား ပြည်သူတွေဟာ ဥရောပ သမဂ္ဂရဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ညီညွတ်စွာ သူတို့ရဲ့ သမ္မတကို မဲပေး ရွေးချယ်ခဲ့တာလို့ ကြွေးကြော်ခဲ့ပါတယ်။ 

အသက် ၅၄ နှစ်အရွယ် မူဆာက သူဦးဆောင်မယ့် အစိုးရသစ်ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ပြဿနာ အပါအဝင် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမယ် ဆိုတာကို အသိအမှတ်ပြု ဝန်ခံခဲ့ပါတယ်။ အနာဂတ် မျိုးဆက်သစ်တွေက သန့်ရှင်းတဲ့ သဘာဝ ပတ်ဝန်းကျင်မျိုးမှာ ကျန်းကျန်းမာမာနဲ့ ရှင်သန် ကြီးပြင်းနိုင်ဖို့အတွက် မျက်မှောက်ခေတ် လူငယ်တွေက ပခုံးပြောင်း တာဝန်ယူဖို့ လိုပြီလို့လည်း မူဆာက ပြောပါတယ်။ 

ဆလိုဗေးနီးယား နိုင်ငံသမိုင်းတလျှောက်မှာ အရင်က အမျိုးသမီးတစ်ဦး နိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ယူတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ဆလိုဗေးနီးယားမှာ ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေး ဩဇာက ပိုမိုကြီးမားပေမယ့် သမ္မတကို နိုင်ငံ အကြီးအကဲအဖြစ် ထားရှိပြီး နိုင်ငံရဲ့ လက်နက်ကိုင် တပ်တွေ စစ်ဦးစီးချုပ်လို့လည်း သတ်မှတ်ပါတယ်။ သမ္မတဟာ အစိုးရ အဖွဲ့ထဲက အရေးပါတဲ့ ထိပ်တန်းရာထူး တချို့ကိုလည်း ခန့်အပ်ခွင့်၊ အတည်ပြုခွင့် ရှိပါတယ်။ 

မူဆာဟာ ဆလိုဗေးနီးယားမှာ မွေးဖွားခဲ့သူ အမေရိကန် သမ္မတ ကတော်ဟောင်း မယ်လာနီယာရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ ၂၀၁၆ တုန်းက ထရမ့် အမေရိကန် သမ္မတ ဖြစ်နေချိန်မှာ ဆလိုဗေးနီးယားထုတ် Suzy မဂ္ဂဇင်းက မယ်လာနီယာဟာ အတိတ်တုန်းက တန်ကြေးကြီးတဲ့ အပျော်မယ်အဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့ စူပါမော်ဒယ်လ် ဖြစ်ရေး အိပ်မက်တွေအတွက် ငွေရှာခဲ့ဖူးကြောင်း ဖော်ပြခဲ့တာကြောင့် မယ်လာနီယာက တရားစွဲပြီး မူဆာက တရားလို ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့တာပါ။ ဒီကိစ္စဟာ နောက်ပိုင်းမှာတော့ တရားရုံးပြင်ပ ညှိနှိုင်း သဘောတူညီမှု တစ်ခုနဲ့ ပြီးပြတ် အဆင်ပြေသွားခဲ့ပါတယ်။