ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ၅ မှတ်ဖြတ်ပြီး ဂီယာနောက်တစ်ဆင့် တင်လိုက်တဲ့ အာဆင်နယ် 

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး မတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် စနေည ပွဲစဉ်တွေမှာတော့ မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အရှုံးကို အာဆင်နယ်က အကောင်းဆုံး အခွင့်အရေးယူပြီး အမှတ်ပေးဇယားကို ၅ မှတ်ဖြတ် ဦးဆောင်လာနိုင်ခဲ့ပါတယ်။ 

မန်ချက်စတာစီးတီး ၁ – ၂ ဘရန့်ဖို့ဒ်

ဒီရာသီမှာ ခြေစွမ်းပြနိုင်လျက်နဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် လက်ရွေးစင်အသင်း လူစာရင်းမှာ ချန်လှပ် ခံခဲ့ရတဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးရဲ့ ပေါက်ကွဲမှုအောက်မှာ စီးတီး ရေတိမ်နစ်သွားခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ စီးတီး နောက်တန်းနဲ့ အပြိုင်ခေါင်းခုန်တိုက်ပြီး တိုနေးက အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ထောင့်ကန်ဘောကနေ အကန်ဂျီ ခေါင်းတိုက်ဖို့ ကြိုးစားရင်း လျှံကျလာတဲ့ ဘောလုံးကို ဖိုဒန်က အပြင်းကန်ပြီး စီးတီးက ချေပဂိုး ပြန်လည် ရယူခဲ့ပါတယ်။ ဒီပွဲမှာ နာကျင် အပိုဆောင်းချိန်ကို ၁၀ မိနစ်လောက် သတ်မှတ်ပေးထားပြီး အပိုဆောင်းချိန် ၇ မိနစ်ကျော်မှာ တန်ပြန် တိုက်စစ်ကနေတဆင့် ဒါဆေးလ်ဗား ဖြတ်ပို့တဲ့ ဘောလုံးကို တိုနေးက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းပြီး ဘရန့်ဖို့ဒ်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

 လီဗာပူးလ် ၃ – ၁ ဆောက်သမ်တန်

လီဗာပူးလ်ရဲ့ ဒီရာသီ စွမ်းဆောင်ရည်က အတက်အကျ ကြမ်းနေပေမယ့် လတ်တလောမှာတော့ ရစ်သမ် ပြန်မိနေတာ တွေ့ရပါတယ်။ အခုလည်း အိမ်ကွင်းမှာ ဆောက်သမ်တန်ကို သက်တောင့်သက်သာ အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ ရောဘတ်ဆန် ကန်တင်ပေးတဲ့ ပြစ်ဒဏ်ဘောကို ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဘရာဇီး အသင်းရဲ့ အပယ်ခံ ဖြစ်ခဲ့သူ တိုက်စစ်မှူး ဖာမီနိုက လှလှပပ ခေါင်းတိုက်ပြီး လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်လေးမှာတင်ပဲ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အပယ်ခံ ဖြစ်ခဲ့သူ ဆောက်သမ်တန် ကွင်းလယ်လူ ဝက်ဒ်ပရော့စ်ရဲ့ တိကျကောင်းမွန်လှတဲ့ ပြစ်ဒဏ်ဘောကို အဒမ်စ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ မိနစ် ၂၀ မှာတော့ အီလီယော့ ကန်တင်ပေးတာကို လီဗာပူးလ် တိုက်စစ်မှူး နူနက်ဇ်က ဝင်ပိတ်ပြီး အိမ်ရှင်တွေ ပွဲကို ပြန်လည် ဦးဆောင်ပါတယ်။ ၄၁ မိနစ်မှာ ရောဘတ်ဆန် ထောင့်ဖြတ် ပေးပို့တာကို ခြေစွမ်းပြနေတဲ့ နူနက်ဇ်ကပဲ လျှောထိုး ပိတ်သွင်းပြီး လီဗာပူးလ်တို့ တတိယဂိုး ရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဆောက်သမ်တန်ရဲ့ ကစားပုံ တက်လာပြီး အပိုင်ဂိုးသွင်းခွင့်တွေပါ ရလာပေမယ့် လီဗာပူးလ် ဂိုးသမား အလီဆန်ရဲ့ အံ့ဩစရာ ကာကွယ်ပုံတွေကြောင့် ဂိုးမရခဲ့ဘဲ ၃-၁ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ၄ – ၃ လိဒ်စ်ယူနိုက်တက်

ပွဲက အပြန်အလှန် ဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် သွင်းကြပြီး တကယ့်ကို အကြိတ်အနယ်နဲ့ ပရိသတ်ကို ဖျော်ဖြေမှုရသတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ၉ မိနစ်မှာ တော့တင်ဟမ် နောက်တန်းရဲ့ မပြတ်သားမှုကို အခွင့်အကောင်းယူပြီး ဆမ်းမားဗီးလ်က လိဒ်စ်အတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ၂၄ မိနစ်မှာတော့ ထောင့်ကန်ဘောကတဆင့် လိဒ်စ်ဂိုးသမား ပုတ်ထုတ်လို့ လျှံထွက်လာတဲ့ ဘောလုံးကို တော့တင်ဟမ် တိုက်စစ်မှူး ကိန်းက ထပ်ဆင့် ပိတ်သွင်းပြီး တစ်ဂိုးစီ သရေ ဖြစ်လာပါတယ်။ ၄၂ မိနစ်မှာ ခရစ္စတန်ဆန် ခေါင်းတိုက် ချပေးတဲ့ ဘောလုံးကို ရိုဒရီဂိုက မြေမကျ အပြင်းကန်သွင်းပြီး ဧည့်သည် လိဒ်စ်တို့ ပွဲကို တကျော့ပြန် ဦးဆောင်ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၅ မိနစ် အကြာမှာ ဒေးဗီးစ်ရဲ့ အားပါ ပြင်းထန်တဲ့ ကန်ချက်ကို လိဒ်စ်ဂိုးသမားနဲ့ နောက်တန်းတို့ တားဆီးဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ၇၅ မိနစ်မှာ တန်ပြန် တိုက်စစ်ကနေတဆင့် ရိုဒရီ မျှောပေးတာကို ရိုခါက ထောင့်ဖြတ် ကန်သွင်းပြီး လိဒ်စ်က တကျော့ပြန် ဦးဆောင်ပါတယ်။ မိနစ် ၈၀ မှာတော့ လိဒ်စ် နောက်တန်းက ရှင်းထုတ်ပုံ မပြတ်သားတဲ့ ဘောလုံးကို ဘီးကုပ်ထိပ်နားကနေ ဘန်တန်ကာက အမှားအယွင်းမရှိ ကန်သွင်းပြီး တော့တင်ဟမ်အတွက် ချေပဂိုး ရယူခဲ့ပြန်ပါတယ်။ တော့တင်ဟမ်အတွက် နောက်ဆုံး အနိုင်ဂိုးကိုတော့ နောက် ၂ မိနစ် အကြာမှာ ကူလူဆက်ဗ်စကီး ချပေးတဲ့ ဘောလုံးကို ဘန်တန်ကာကပဲ ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။ ပွဲပြီးခါနီးမှာတော့ လိဒ်စ်ကစားသမား အဒမ်စ်က နှစ်ဝါတစ်နီနဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။ 

နယူးကာဆယ်ယူနိုက်တက် ၁ – ၀ ချဲလ်ဆီး

ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးရဲ့ ၃ ပွဲဆက် အရှုံးနဲ့ ၅ ပွဲဆက် နိုင်ပွဲပျောက်မှု ဖြစ်လာပါတယ်။ ဒီရာသီမှာ ခြေစွမ်း အတက်ဖက် ဦးတည်နေတဲ့ နယူးကာဆယ် အတွက်တော့ ၅ ပွဲဆက် အနိုင်ရလဒ်ကို ပိုင်ဆိုင်လာပါတယ်။ ချဲလ်ဆီးဟာ အခုပွဲမှာ နိုင်ပွဲရဖို့ အတော်လေး ကြိုးစားခဲ့ပေမယ့် တိုက်စစ်ပိုင်းက အဆုံးသတ် အားနည်းချက်တွေကြောင့် လိုအပ်တဲ့ သွင်းဂိုးကိုတော့ မရခဲ့ပါဘူး။ နယူးကာဆယ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၆၆ မိနစ်မှာ အယ်လ်မီရွန် တစ်ကိုယ်တော် ထိုးဖောက် ဆွဲယူလာတဲ့ ဘောလုံးကို ကွင်းလယ်လူ ဝီလော့ခ်က အပြင်း ပြေးကန်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ 

ဝုလ်ဗ် ၀ – ၂ အာဆင်နယ်

အဓိကပြိုင်ဘက် မန်ချက်စတာစီးတီး ခြေချော်နေချိန်မှာ အာဆင်နယ်ကတော့ အမှတ်ပေးဇယား အောက်ခြေနားက ​ဝုလ်ဗ်ကို အဝေးကွင်းမှာ အမှားအယွင်းမရှိ အနိုင်ယူပြီး ချန်ပီယံဆုအတွက် ဦးဆောင်မှုကို ပိုမို ပြတ်သားစေခဲ့ပါတယ်။ အစောပိုင်းမှာ ဝုလ်​ဗ်က အခွင့်အရေးတချို့ ရခဲ့ပေမယ့် ဖြုန်းတီးနေခဲ့ပြီး နောက်ပိုင်းမှာတော့ အာဆင်နယ်က ပွဲကို စနစ်တကျ ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေပေမယ့် ဒုတိယပိုင်း ပြန်စပြီး ၁၀ မိနစ် အကြာမှာ ဘယ်တောင်ပံက ဗီအဲရာ ဖြတ်ပို့တဲ့ ဘောလုံးကို အိုဒီဂတ်ဒ်က ဝင်ပိတ်ပြီး အာဆင်နယ်တို့ စတင် ဦးဆောင်ပါတယ်။ ၇၅ မိနစ်မှာတော့ ဝုလ်ဗ်ဂိုးရှေ့မှာ ရှုပ်ထွေးနေပြီး လျှံထွက်လာတဲ့ ဘောလုံးကို အိုဒီဂတ်ဒ်ကပဲ အပြင်းကန်သွင်းပြီး အာဆင်နယ်တို့အတွက် အမှတ်ပေးဇယားကို ၅ မှတ်ဖြတ် ဦးဆောင်နိုင်စေမယ့် နိုင်ပွဲကို လက်တွေ့ ရယူသွားပါတော့တယ်။