အသက်ကိုရင်းပြီး ကိုယ်ပိုင်လက်နက်တွေ ထုတ်လုပ်နေကြရတဲ့ တော်လှန်ရေးစစ်သည်များ 

Photo – AFP

မြန်မာနိုင်ငံမြောက်ပိုင်း တစ်နေရာက ဝါးရုံတွေအောက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်နေတဲ့ လူငယ်တစ်ယောက်ဟာ YouTubeက ဗီဒီယို တစ်ခုရဲ့ လမ်းညွှန်မှုတွေအတိုင်း သံမဏိ အတိုအစတွေကို မော်တာကျည်တွေ၊ အမြောက်ဆန်တွေအဖြစ် ပြောင်းလဲနိုင်ဖို့ ဂဟေဆော်နေပါတယ်။ စစ်အာဏာရှင် တပ်တွေကို တိုက်ခိုက်ချိန်မှာ အဲဒီ စစ်လက်နက်တွေကို သုံးစွဲဖို့ သူက ရည်ရွယ်ထားပါတယ်။

 အာဏာသိမ်းပြီး ၂ နှစ်နီးပါးလောက် ကြာလာတဲ့ထိ မြန်မာစစ်တပ်ဟာ ပစ်ပစ်၊ ပြေးပြေး နည်းဗျူဟာမျိုးကို အဓိကထား အသုံးပြုနေတဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေကို ချိုးနှိမ်နိုင်စွမ်း မရှိခဲ့ပါဘူး။

 တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)ဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီး အမြောက်တွေ၊ တရုတ်နဲ့ ရုရှားမှာ ထုတ်လုပ်ထားတဲ့ တိုက်လေယာဉ်တွေ၊ အစ္စရေး ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ရိုင်ဖယ် သေနတ်တွေကို ယှဉ်ဖို့အတွက် စစ်လက်နက်အင်အား မတန်တဆ ကွာဟနေဆဲ ဖြစ်ပါတယ်။ 

PDFတွေဟာ တိုက်ပွဲမှာ သိမ်းယူ ရရှိလာတဲ့ သေနတ်တွေ၊ မှောင်ခို စျေးကွက်ကနေ စျေးကြီးပေး ဝယ်ယူထားရတဲ့ လက်နက်တွေကို အဓိက မှီခိုပြီး စစ်လက်နက်အင်အား ဖြည့်တင်းနေရပါတယ်။ ဒါပေမဲ့ ပြည်သူ ကာကွယ်ရေး အဖွဲ့တွေ အများအပြားဟာ အန္တရာယ်များပြီး လက်တည့်စမ်းရတဲ့ ကိုယ်ပိုင် ဒုံးကျည်တွေ၊ မိုင်းတွေနဲ့ မော်တာကျည်တွေ ထုတ်လုပ်ဖို့ ရွေးချယ် ဆုံးဖြတ်လာကြကြောင်း စစ်လက်နက်ရေးရာ လေ့လာသူတွေက ပြောပါတယ်။

 “လက်နက်တွေ ဘယ်လိုလုပ်သလဲ ဆိုတာကို ကျွန်တော်တို့က YouTubeကနေ ကြည့်ပြီး သင်ရတာပဲ”လို့ စစ်ကိုင်းတိုင်း မြောက်ပိုင်းက တော်လှန်ရေး တပ်သား တစ်ဦးဖြစ်တဲ့ ကိုနေမင်းက ပြောပါတယ်။

 “ကျွန်တော်တို့က ယမ်းစိမ်း (ပိုတက်ဆီယမ် နိုက်ထရိတ်)ကို ဘယ်လို ချက်ရတယ်၊ ယမ်းမှုန့်ရအောင် ဘယ်လို ပေါင်းစပ်ရတယ်၊ ရိုင်ဖယ်တွေ ဘယ်လို တည်ဆောက်ရတယ် ဆိုတာတွေကို YouTubeမှာ လိုက်ရှာတယ်။ သီးသန့် လေ့ကျင့် သင်ကြားထားတာတော့ မရှိပါဘူး”လို့ သူက ဆိုတယ်။

 ပြီးတော့ သူ့ရဲ့ တိုက်ပွဲဝင် ရဲဘော် ကိုနေမျိုးဝင်းလိုမျိုး စက်မှုဆိုင်ရာ၊ ဒါမှမဟုတ် အင်ဂျင်နီယာ အတတ်ပညာဆိုင်ရာ နောက်ခံရှိသူတွေက သိမ်းဆည်း ရမိတဲ့ လက်နက်တွေကို အခြေခံပြီး ပုံတူတွေ၊ ဒါမှမဟုတ် စမ်းသပ် လက်နက်တွေ တည်ဆောက်ကြည့်လေ့ ရှိတယ်လို့လည်း ကိုနေမင်းက ပြောပြပါသေးတယ်။

 မီးစက်မောင်းထားပြီး ခနော်နီ ခနော်နဲ့ တည်ဆောက်ထားတဲ့ အလုပ်ရုံလေးတွေထဲမှာ သူတို့ဟာ ဂဟေဆော်တဲ့ ပစ္စည်း ကိရိယာတွေကို ကိုင်ရင်း ချွေးတလုံးလုံးနဲ့ နာရီပေါင်းများစွာ အလုပ်လုပ်ကြရပါတယ်။ ဒီကြားထဲ စစ်ကောင်စီ တပ်တွေကလည်း အဲဒီလို လက်နက်ထုတ်တဲ့ အလုပ်ရုံလေးတွေကို အလစ်အငိုက် စီးနင်း တိုက်ခိုက်လေ့ ရှိပြန်ပါတယ်။

 ကိုနေမျိုးဝင်းက မော်တာ ကျည်ဆန်ထဲမှာ ခဲနဲ့ သတ္တု အပိုင်းအစတွေနဲ့အတူ ထည့်ပစ်နိုင်မယ့် ယမ်းမှုန့် ဖြစ်လာအောင် ယမ်းစိမ်းတွေကို သေချာ ရောစပ်နေပါတယ်။ သူတို့ စမ်းသပ် တီထွင်ထားတဲ့ မော်တာဟာ အကွာအဝေး ၂ ကီလိုမီတာလောက်တော့ ရောက်အောင် ပစ်နိုင်တယ်လို့ ကိုနေမျိုးဝင်းက အခိုင်အမာ ပြောပါတယ်။ 

အောက်တိုဘာလတုန်းက မစ်ရှင်တစ်ခုမှာ တာပေါ်လင်စပေါ် တင်ထားတဲ့ မော်တာတွေဟာ သိပ်တော့ အထင်ကြီးစရာ ဖြစ်မနေခဲ့ပါဘူး။ ထောက်တိုင်တွေမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံပိုက်တွေနဲ့ ဂဟေဆော်ပြီး ဆက်ထားတဲ့ ပုံစံမျိုးလောက်ပဲ ရှိနေခဲ့ပါတယ်။

 မော်တာကျည်ဆန်ကလည်း စနက်တံနှစ်ခု တပ်ဖို့ လိုပါတယ်။ တစ်ခုက ကျည်ဆန်ကို ပစ်လွှတ်ဖို့ဖြစ်ပြီး နောက်တစ်ခုက ကျရောက်ချိန်မှာ ပေါက်ကွဲထွက်စေဖို့ပါ။ ဒီနည်းလမ်းမျိုးကို ၂၀ ရာစု အစောပိုင်း ကာလတွေတုန်းက အသုံးပြုခဲ့ပါတယ်။

 ဒါပေမဲ့ ထိခိုက်ဖျက်ဆီးနိုင်စွမ်းကတော့ အားပြင်းတယ်လို့ ကိုနေမင်းက ဆိုတယ်။ “မော်တာကျည် ကျတဲ့ နေရာနဲ့ ၁၅ ပေ ပတ်လည်မှာ ရှိနေသူ အားလုံးကို ထိမှန်နိုင်တယ်။ သေရင်သေ၊ မသေရင်လည်း ဒဏ်ရာပြင်းပြင်း ရသွားမှာပဲ”လို့ သူက ရှင်းပြပါတယ်။

 တချို့ မော်တာ ကျည်ဆန်တွေကိုတော့ စစ်တပ်နဲ့ နီးစပ်တဲ့ ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်တဲ့ ဆက်သွယ်ရေး တာဝါတိုင် အစိတ်အပိုင်းတွေနဲ့ ပြုလုပ်ထားတာပါ။ မကြာသေးခင် လပိုင်းလောက်က အဲဒီ တာဝါတိုင်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဖြိုချခဲ့ပါတယ်။

 “အရင်တုန်းကတော့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖျက်ဆီးပစ်ရုံပါပဲ”လို့ ကိုနေမင်းက ပြောပါတယ်။ “ဒါပေမဲ့ ကိုယ့်ဖာသာ လက်နက်တွေ ထုတ်လုပ်တဲ့အခါ သံမဏိတွေ ပိုလိုလာတယ်။ အဲဒီအခါမှာ ဆက်သွယ်ရေး တာဝါတိုင်တွေအကြောင်း ကျွန်တော်တို့ ခေါင်းထဲ ရောက်လာရော”လို့လည်း သူက ဆိုတယ်။

 ကိုနေမင်းတို့ အဖွဲ့ဟာ ကိုယ်ထူကိုယ်ထ လက်နက်တွေ ထုတ်လုပ်ပြီး စစ်ပွဲရဲ့ လက်နက်အင်အား မမျှတမှုကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေကြတဲ့ စစ်ကိုင်းတိုင်း အခြေစိုက် PDF တပ်ဖွဲ့တွေ ဒါဇင်ပေါင်း အတော်များများထဲက တစ်ခုပါ။ အဲဒီလို ကိုယ်စွမ်းကိုယ်စနဲ့ လက်နက်ထုတ်လုပ်ပြီး မော်တာတွေ၊ ဒုံးကျည်တွေ မိုင်းတွေကို အောင်အောင်မြင်မြင် စမ်းသပ်လိုက်တဲ့ ဗီဒီယို မှတ်တမ်းတွေက လူမှုကွန်ရက်ပေါ်မှာ တော်တော်များများ ရှိနေပါတယ်။ ပေါက်ကွဲသံ ကျယ်ကျယ်လောင်လောင် တစ်ကြိမ် ထွက်ပေါ်လာတိုင်း ဝမ်းသာအားရ ကြွေးကြော်လိုက်သံတွေကိုလည်း အတိုင်းသား ကြားရတတ်ပါတယ်။ ဒါပေမဲ့ ဒီအလုပ်က အန္တရာယ်လည်း များပါတယ်။

 “တကယ်က အန္တရာယ် များတယ် ဆိုတာထက်ကို ပိုပါသေးတယ်”လို့ စစ်ကိုင်းမှာ လှုပ်ရှားနေတဲ့ တခြား တော်လှန်ရေး အဖွဲ့တစ်ခုမှာ ဒုံးကျည် တီထွင်တဲ့ ကိုဘိုရှောင်က ပြောပါတယ်။ “ယမ်းချက်တဲ့ အခါမှာ ယမ်းစိမ်းကို လိုတာထက် ပိုထည့်မိရင် အန္တရာယ် ရှိတယ်ဗျ။ အဲ၊ လိုတာထက် အရမ်းလျှော့ပြီး ထည့်မိရင်လည်း အန္တရာယ် ရှိတာပါပဲ”လို့ သူက ရှင်းပြတယ်။

 ဗီဒီယို တစ်ခုမှာဆိုရင် မော်တာ အသစ်တစ်ခုကို စမ်းသပ်ချိန်မှာ ကျည်က ပြောင်းဝမှာတင် ပေါက်ကွဲပြီး မော်တာ စမ်းသပ်နေတဲ့ တော်လှန်ရေးတပ်သား သေဆုံးသွားတာ တွေ့နိုင်ပါတယ်။

 ကိုသူရဆိုတဲ့ တော်လှန်ရေးသမား တစ်ယောက်ကတော့ သူကိုင်တွယ်ရတဲ့ စမ်းသပ်အဆင့် ဖောက်ခွဲရေး ပစ္စည်းက အချိန်စောပြီး ထပေါက်လို့ လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက အမြင်အာရုံ ချွတ်ယွင်းသွားကြောင်း ပြောပြပါတယ်။

 “အဲဒီတုန်းက ခြေတွေ၊ လက်တွေမှာပါ ဒဏ်ရာတွေ ရခဲ့ပေမယ့် အခု ပြန်ကောင်းနေပြီ။ ဒါပေမဲ့ မျက်လုံးကတော့ ဝါးနေတုန်းပဲ”လို့ သူက ဆိုတယ်။

 တော်လှန်ရေး အဖွဲ့တွေဟာ တွင်ခုံတွေ၊ ဗို့အားထိန်းညှိ ကိရိယာတွေလို စက်ပစ္စည်းမျိုးတွေ မရှိဘဲနဲ့ လက်နက်ကြီးကျည် တစ်ခုချင်းစီကို လက်ဖြစ် ဖန်တီးနေကြရတာ ဖြစ်ပါတယ်။ တစ်ခါတလေ ကျပြန်တော့လည်း အန္တရာယ်တွေကြားက ထုတ်လုပ်ထားတဲ့ တချို့ ခဲယမ်းမီးကျောက်တွေဟာ အသံသာကျယ်ပြီး ထိရောက်မှု နည်းတာမျိုးလည်း ကြုံရတတ်ပြန်တယ်။

 ပစ်မှတ် တစ်ခုကို ရွေးချယ်ပြီးပြီဆိုရင် လက်တွေ့ တိုက်ခိုက်ဖို့အတွက် ခဲယမ်းမီးကျောက်တွေ ပြင်ဆင်ရတာဟာ ၁၀ ရက်လောက်ထိ ကြာတတ်တယ်လို့ ကိုနေမင်းက ပြောပါတယ်။

 သူနဲ့ အဖွဲ့သားတွေဟာ စစ်ကောင်စီ တပ်သားတွေရဲ့ နေရာယူ လှုပ်ရှားမှုတွေကို ဒေသခံတွေဆီကနေ သတင်းစုဆောင်း ယူရပါတယ်။

 သူတို့ရဲ့ ပစ်မှတ်ကို ချိန်ရွယ်တဲ့ အခါမှာလည်း အကွာအဝေးကို တိုင်းတာဖို့အတွက် Google Mapအပြင် များများစားစား အားကိုးစရာ မရှိပြန်ဘူး။ “များသောအားဖြင့် သူတို့ (စစ်တပ်)ကို ကျွန်တော်တို့ အပိုင် နယ်မြေထဲမှာပဲ တိုက်ခိုက်လေ့ ရှိပါတယ်။ နေရာ အကွက်အကွင်းနဲ့ အကွာအဝေးတွေ အားလုံးကို ကျွန်တော်တို့ သိထားပြီးသား ဖြစ်နေလို့ပါ”လို့ ကိုနေမင်းက ဆက်ပြောတယ်။ ခက်ခဲပေမယ့် ပစ်ခတ်မှု အများစုဟာ အရမ်းတိကျတယ်လို့ သူက အခိုင်အမာ ဆိုပါတယ်။

 လက်လုပ် စစ်လက်နက်တွေရဲ့ ထိရောက် အသုံးဝင်မှုကို အမှန်တကယ် သုံးသပ် အတည်ပြုဖို့ ဆိုတာကတော့ စစ်မြေပြင်မှာ ဘက်မလိုက်စတမ်း အစီရင်ခံမှုမျိုး မရှိတာကြောင့် အရမ်းခက်ခဲလွန်းတယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် လုံခြုံရေး သုတေသီ အန်သိုနီ ဒေးဗစ်က ဆိုပါတယ်။

 နှစ်ဖက်စလုံးက တိုက်ပွဲ အသေအပျောက် စာရင်းနဲ့ ပတ်သက်ရင် လိုတာထက် ချဲ့ကားတာ၊ လျှော့ချတာတွေ လုပ်တတ်ကြတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

 ဒါပေမဲ့ ပြည်တွင်းမှာ အဆင်ပြေသလို ထုတ်လုပ် အသုံးပြုနေတဲ့ မော်တာတွေ၊ ဒုံးကျည်တွေက ရုပ်ပြကောင်းရုံ သက်သက် အဆင့်ထက်တော့ အများကြီး ပိုတယ်လို့ ဒေးဗစ်က ထောက်ခံခဲ့ပါတယ်။ ဒီလက်နက်တွေက အမှန်တကယ် ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်စေနိုင်ကြောင်း၊ အဲဒီထက် အရေးကြီးတာက တသီးတခြား နေရာယူ တပ်စွဲထားရတဲ့ စစ်ကောင်စီ တပ်တွေကို စိတ်ဓာတ်ရေးရာ ယိုယွင်းပျက်ပြားအောင် တစ်ချိန်လုံး သက်ရောက်နေစေနိုင်ကြောင်း သူက ပြောပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီကတော့ PDFတွေကို အကြမ်းဖက်သမားတွေလို့ သုံးနှုန်းပြီး အပုပ်ချထားပါတယ်။ နောက်ပြီး PDFတွေ သတ်လို့ အရပ်သား ၄၀၀၀ ကျော် သေဆုံးရပါတယ်လို့လည်း အပြစ်တင်ထားသေးတယ်။ 

ကိုနေမင်းကတော့ သူတို့ အဖွဲ့တွေဟာ တရားမျှတမှုအတွက်သာ တိုက်ပွဲဝင်နေတယ်လို့ ပြောပါတယ်။

 “ကျွန်တော်တို့ လုပ်ခဲ့သမျှ အရာရာတိုင်းအတွက် ကျေနပ်ပါတယ်”လို့လည်း သူက ဆိုတယ်။ သူက ဆက်ပြီး “ကျွန်တော်တို့မှာ လိုအပ်တာတွေတော့ အများကြီးပါ။ အထူးသဖြင့် လက်နက်တွေ လိုပါတယ်”လို့လည်း သူက ဖွင့်ဟသွားပါတယ်။

 (Japan Timesတွင် ရေးသား ဖော်ပြထားသည့် Myanmar rebels risk life and limb in DIY weapons factories ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်။)