ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကြိုးကွင်းတစ်ခု လာချိတ်ဆွဲထားတာကို တွေ့ရတဲ့နောက် အိုဘားမားစင်တာ တည်ဆောက်နေမှုတွေကို ယာယီ ရပ်ဆိုင်းထားလိုက်ရပါတယ်။
ချီကာဂိုမှာရှိတဲ့ ဆောက်လုပ်ရေးကို အဓိက တာဝန်ယူပြီး လူမည်းအများစု ပိုင်ဆိုင်ထားတဲ့ Lakeside Alliance ကုမ္ပဏီက ဒီဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့ဆီ အကြောင်းကြားထားပြီးပြီလို့ ပြောပါတယ်။ ပြီးတော့ အခုလို ခြိမ်းခြောက်မှုဆန်ဆန် လုပ်ရပ်မျိုး ကျူးလွန်သူအကြောင်း သတင်းပေးနိုင်ရင် ဒေါ်လာ တစ်သိန်း ဆုချီးမြှင့်မယ်လို့လည်း ကြေညာထားပါတယ်။
အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်ခဲ့ဖူးသူ ဘာရတ်အိုဘားမား ထူထောင်ထားတဲ့ အိုဘားမား ဖောင်ဒေးရှင်း အခြေစိုက်မယ့် နေရာလည်းဖြစ်တဲ့ အိုဘားမား စင်တာကို ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်နေတာပါ။ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလက အဆောက်အအုံသစ် အုတ်မြစ်ချပွဲ အခမ်းအနားကို သမ္မတဟောင်း အိုးဘားမားနဲ့ ဇနီးဖြစ်သူ မစ်ချဲလ်တို့ပါ တက်ရောက်ခဲ့ပါတယ်။
အိုဘားမား ဖောင်ဒေးရှင်းက ကြိုးစင်တွေမှာသုံးတဲ့ ကြိုးကွင်းတစ်ခုကို ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လာချိတ်ဆွဲထားတဲ့ လုပ်ရပ်ဟာ အရှက်ကင်းမဲ့ပြီး သူရဲဘောကြောင်တဲ့ အပြုအမူလို့ အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ လတ်တလောမှာတော့ ဆောက်လုပ်ရေး ဝန်ထမ်းတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေးကို ဦးစားပေးတဲ့ အနေနဲ့ လုပ်ငန်း ယာယီ ရပ်ဆိုင်းထားမယ်လို့ ဖောင်ဒေးရှင်းက ကြေညာပါတယ်။
အီလီနွိုက်စ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေဘီ ပရစ်ဇ်ကာကလည်း ဒီကြိုးကွင်းဟာ လူမျိုးရေး ခွဲခြားမှုထက် အဓိပ္ပါယ် အများကြီး ပိုလွန်ကဲတယ်လို့ ပြောပါတယ်။ လူမည်း အမေရိကန်တွေအပေါ် အကြမ်းဖက်လိုမှု၊ ကြမ်းကြုတ်လိုမှုတွေဟာ ရာစုနှစ်တွေနဲ့ချီ တည်တံ့ခဲ့ပြီး အခုထိ ချိုးနှိမ်လို့ မရသေးဘူး ဆိုတာကို ဒီလို စက်ဆုပ်စရာ လုပ်ရပ်က သက်သေပြနေတယ်လို့ သူက ဆိုပါတယ်။
အိုဘားမား ဖောင်ဒေးရှင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ အိုဘားမား စင်တာမှာ ကမ္ဘာ့အဆင့်မီ ပြတိုက်ကြီး တစ်ခုနဲ့ လူအများ လည်ပတ် နားနေဖို့ နေရာတွေ ထည့်သွင်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။ အဲဒီ အဆောက်အအုံကြီး တည်ဆောက်မှုအတွက် လိုအပ်တဲ့ ရန်ပုံငွေ အများစုကို ပုဂ္ဂလိက အလှူရှင်တွေက ထည့်ဝင် လှူဒါန်းထားကြတာ ဖြစ်ပါတယ်။