အမေရိကန် နိုင်ငံသမိုင်းမှာ ပြည်နယ် အုပ်ချုပ်ရေးမှူး တာဝန်ယူထားတဲ့ အမျိုးသမီး အရေအတွက်က စံချိန်တင် မြင့်တက်လာကြောင်း သိရပါတယ်။
အခုသီတင်းပတ် အစောပိုင်းက ကျင်းပခဲ့တဲ့ ကြားကာလ ရွေးကောက်ပွဲ ရလဒ်တွေအရ အမေရိကန်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူး တာဝန်ယူမယ့် အမျိုးသမီး ၁၂ ဦးထိ ရှိလာတော့မှာ ဖြစ်ပါတယ်။ ပြည်နယ် ၁၀ ခုမှာ ရလဒ်တွေ အတည်ပြု ထွက်ပေါ်သွားပြီး ကျန်တဲ့ ၂ ခုကလည်း ရလဒ် မထွက်သေးပေမယ့် အမျိုးသမီးတွေ အချင်းချင်း ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
အရီဇိုးနားနဲ့ အော်ရီဂွန်က အားပြိုင်မှုတွေမှာ ဘယ်သူပြိုင်ပြိုင် အမျိုးသမီး တစ်ဦးပဲ ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာကို ရရှိမှာ ဖြစ်တာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ပြည်နယ် အုပ်ချုပ်ရေးမှူး အမျိုးသမီး အရေအတွက်က တစ်ဒါဇင်ထိ ရှိလာတော့မှာပါ။
လောလောဆယ် အမေရိကန်က ပြည်နယ် ၅၀ မှာ အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူ အမျိုးသမီး ၉ ဦး ရှိပါတယ်။ ကြားကာလ ရွေးကောက်ပွဲ ရလဒ်တွေအရ အမေရိကန်ရဲ့ လွှတ်တော်နှစ်ရပ်မှာ စုစုပေါင်း အမျိုးသမီး ၂၄ ရာခိုင်နှုန်းလောက်ထိ နေရာရလာမယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။
အမေရိကန်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးဟာ အာဏာခွဲဝေ အုပ်ချုပ်မှုအရ အရမ်းအရေးပါပြီး ပြည်သူ သန်းပေါင်းများစွာရဲ့ လူနေမှု ဘဝအပေါ် သက်ရောက်တဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိနေပါတယ်။
အရင်က ပြည်နယ် အုပ်ချုပ်ရေးမှူး ၉ ဦး ရှိခဲ့တဲ့ထဲက ၈ ဦးဟာ အခု ကြားကာလ ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်မှာ အမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူး မရှိဖူးတဲ့ ပြည်နယ် စုစုပေါင်း ၁၈ ခုသာ ကျန်တော့တယ်လို့လည်း သိရပါတယ်။