အင်းစိန် ကုန်းကျော်တံတားပေါ်မှာ လူငယ်တဦး ဓားခုတ်လုယက်ခံရ

ရန်ကုန်မြို့ အင်းစိန်ပန်းခြံ အနီးက ကုန်းကျော်တံတားပေါ်မှာ နိုဝင်ဘာ ၉ ရက် ညနေပိုင်းက အသက် (၂၁) နှစ်အရွယ် လူငယ်တဦး ဓါးခုတ်ခံရပြီး ဖုန်းနဲ့ ပိုက်ဆံတွေ လုယက်ခံခဲ့ရတယ်လို့ လုယက်ခံရသူရဲ့မိသားစုဝင်က DNA ကိုပြောပါတယ်။

အင်းစိန်ပန်းခြံအနီးက One Stop စတိုးဆိုင်ကိုသွားပြီးပြန်လာချိန် အင်းစိန်ကုန်းကျော်တံတားသစ် အလယ်နားလောက်မှာ လုယက်မယ့်သူက တဦးတည်းစက်ဘီးနဲ့ စောင့်နေတာတွေ့ရလို့ မသင်္ကာလို့ပြန်လှည့်ချိန်မှာပဲ ဓါးနဲ့ခုတ်ခံရပြီး ဖုန်းနဲ့ပိုက်ဆံအိတ် လုယက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြေးဖို့လုပ်နေတဲ့အချိန် ၁ ပေလောက်ရှိတဲ့ ဓါးနဲ့ငယ်ထိပ်ကိုခုတ်ချတာ မောင်လေးကရှောင်လိုက်လို့ ထိတဲ့ နေရာထိပြီး ကားလမ်းပေါ်လဲကျသွားတာ၊ လုတဲ့သူက အဲ့ချိန်မှာအကုန်ယူပြီး ထပြီးလိုက်လာရင် ထပ်အသေသတ်မယ် ပြောတာ” လို့ လုယက်ခံရသူရဲ့ မိသားစုဝင်ကပြောပါတယ်။

လုယက်မှုဖြစ်ချိန်မှာ အင်းစိန်ကုန်းကျော်တံတားပေါ် လူသွားလူလာရှင်းလင်းနေပြီး ကားတွေပဲ သွားလာမှု ရှိနေတယ်လို့ ဆိုပါတယ်။ ဓားခုတ်ခံရတဲ့ ဒဏ်ရာကို ဆေးရုံမှာ ကုသခဲ့ရပြီး လေးချက်ချုပ်လိုက်ရတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့မှာ လုယက်သတ်ဖြတ်မှုတွေ များပြားလာပြီး ပြည်သူလူထုကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေပါတယ်။

“သွားဖို့လာဖို့တောင် ကြောက်လာရတယ်၊ အပြင်သွားရင် အိတ်တွေဖုန်းတွေ ယူသွားဖို့တောင်ကြောက်‌နေရတယ်၊ ဘာမှမပါလာရင်လည်း ရန်ရှာခံရတယ်၊အပြင်သွားဖို့ဆို ငရုပ်ကောင်း စပရေးတောင်ဆောင်ဖို့ လုပ်နေရတယ်”လို့ လုယက်ခံခဲ့ရသူရဲ့ မိသားစုဝင်ကပြောပါတယ်။

အဲ့ဒီလုယက်မှုနဲ့ပတ်သက်လို့ လုယက်ခံရသူရဲ့ မိသားစုဝင်တွေကို အင်းစိန်ရဲစခန်းကဖြစ်စဉ် အသေးစိတ်မေးမြန်း သွားပြီး အမှုဖွင့်ဖို့ကတော့ မြို့နယ်ရုံး အထိသွားတိုင်ရမှာဖြစ်တာကြောင့် အမှုမဖွင့်ဖြစ်ခဲ့ဘူးလို့ သူကပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ လုယက်သတ်ဖြတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာနေပြီး YBS ဘတ်စ်ကားတွေပေါ် ခရီးသည် တွေကို နေ့ခင်းကြောင်တောင် ရိုက်နှက်လုယက်တာတွေအထိ ဒုစရိုက်မှုတွေ ဖြစ်နေတာပါ။

အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် သရက်တော ကားမှတ်တိုင်အနီးမှာလည်း နိုဝင်ဘာ ခြောက်ရက်ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ သက်ကြီးအမျိုးသားတဦးကို လူငယ်စုံတွဲက ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုသွားတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၈ရက်ကလည်း မရမ်ကုန်းမြို့နယ်မှာ YBS (၆၁)ကားပေါ်မှာခရီးသွားပြည်သူတွေကို သံတုတ်တွေနဲ့ လူခုနစ်ဦးက ရိုက်နှက် လုယက်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးလုယက်သူတွေကိုနောက်တနေ့မှာ ဖမ်းမိ တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်မှာနေထိုင်တဲ့ အသက်(၇၀) ကျော် အရွယ် ရူပဗေဒပညာရှင်ဇနီးမောင်နှံနှစ်ဦး နေ အိမ်မှာ လုယက်သတ်ဖြတ်ခံရတာ၊ပန်းဘဲတန်းမြို့နယ်က အိမ် ဆောက်ပစ္စည်းအရောင်းဆိုင်မှာ ဆိုင်ရှင်တွေကို ဓားနဲ့ထိုးပြီး ကျပ်သိန်းရာချီ လုယက်ခံရတာတွေဟာ လတ်တလောလူသိများတဲ့ ရန်ကုန်မြို့က လုယက်မှုတွေပါ။