ငွေသားအပြင် အနောက်နိုင်ငံလုပ် စစ်လက်နက်တွေပါ ပေးအပ်ပြီး အီရန်ဒရုန်းတွေကို ရုရှားမှာယူ

အီရန်ဆီက စစ်လက်နက် အကူအညီတွေ ရယူဖို့အတွက် သိမ်းဆည်းရမိထားတဲ့ အနောက်နိုင်ငံလုပ် စစ်လက်နက်တွေကို ရုရှားက အလဲအလှယ်သဘော ပေးအပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

အီရန်နဲ့ ရုရှားကြားက လက်နက် အရောင်းအဝယ်ကိစ္စ ညှိနှိုင်းမှုတွေကို ထဲထဲဝင်ဝင် လိုက်လံ စုံစမ်းနေတဲ့ Sky News သတင်းဌာနက ရုရှားဟာ ငွေသား ယူရို သန်း ၁၄၀ အပြင် ယူကရိန်းဆီက သိမ်းဆည်းရမိထားတဲ့ အနောက်နိုင်ငံလုပ် စစ်လက်နက် တော်တော်များများကိုပါ လေယာဉ်နဲ့ ပေးပို့ပြီး အီရန်ဆီက စစ်သုံးဒရုန်းတွေ ပြန်လည် တင်သွင်းယူခဲ့တယ်လို့ ဆိုပါတယ်။ 

အီရန်နဲ့ ရုရှားတို့ဟာ ဒရုန်းအပါအဝင် စစ်လက်နက်တွေ အရောင်းအဝယ် လုပ်နေတယ်ဆိုတဲ့ သတင်းတွေကို တောက်လျှောက် ငြင်းဆန်နေပေမယ့် သက်သေ အထောက်အထားတွေကတော့ အလျှံအပယ် ထွက်ပေါ်နေပါတယ်။ 

Sky Newsက ချိတ်ဆက်မိခဲ့တဲ့ သတင်းရင်းမြစ် တစ်ဦးက ရုရှားဟာ ငွေသား ယူရို သန်း ၁၄၀ နဲ့ အနောက်နိုင်ငံလုပ် စစ်လက်နက်တွေကို ဩဂုတ် ၂၀ က လေယာဉ်တစ်စီးပေါ် တင်ပြီး အီရန်ကို လျှို့ဝှက် ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအတွက် အီရန်ဆီက ဖောက်ခွဲရေး ဒရုန်းတော်တော်များများကို ပြန်လည် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အီရန်ရဲ့ ဖောက်ခွဲရေး ဒရုန်းတွေဟာ နည်းပညာပိုင်း အဆင့်မမြင့်ပေမယ့် စျေးသက်သာပြီး ဖောဖောသီသီ အသုံးပြုနိုင်တာကြောင့် ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ အဓိက မဟာဗျူဟာ စစ်လက်နက်တစ်မျိုး ဖြစ်လာပါတယ်။ 

ရုရှားဟာ ယူကရိန်းတပ်တွေဆီက သိမ်းဆည်း ရမိခဲ့တဲ့ ဗြိတိန်လုပ် NLAW တင့်ဖျက်ဒုံးကျည်၊ အမေရိကန်လုပ် Javelin တင့်ဖျက်ဒုံးကျည်နဲ့ Stinger လေယာဉ်ပစ် ဒုံးကျည်တွေကို အီရန်ဆီ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အနောက်နိုင်ငံလုပ် စစ်လက်နက်တွေကို အီရန်မှာ ပြန်လည်လေ့လာပြီး တုပ ထုတ်လုပ်တာတွေ ရှိလာမယ်လို့ ယုံကြည်ရပါတယ်။ 

နောက်ထပ် ဒေါ်လာ သန်း ၂၀၀ ဖိုး စစ်လက်နက် အရောင်းအဝယ် ကိစ္စအတွက် အီရန်နဲ့ ရုရှားတို့ကြား မကြာသေးခင်ကတင် သဘောတူညီမှုအသစ် ရရှိထားတယ်လို့လည်း အဲဒီ သတင်းရင်းမြစ်က Sky Newsကို ပြောပါတယ်။ 

အခုသတင်းနဲ့ ပတ်သက်လို့တော့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။ Sky News သတင်းရင်းမြစ်ရဲ့ အဆိုအရ အီရန်ဟာ Shahed-136 အမျိုးအစား ဒရုန်း အစီး ၁၀၀၊ ပိုမိုသေးငယ်တဲ့ Shahed-131 အမျိုးအစား ဒရုန်း ၆၀ နဲ့ Mohajer-6 ဒရုန်း ၆ စီးတို့ကို ပြန်လည် လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။ 

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အီရန်လုပ် ဒရုန်းတွေဟာ ယူကရိန်း စစ်တပ်အတွက် အကြီးအကျယ် အနှောင့်အယှက် ပေးနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာပါတယ်။ အီရန်ကတော့ သူတို့ဟာ စစ်ပွဲကာလမှာ ရုရှားဆီ လက်နက်တွေ ရောင်းချတာမျိုး မဟုတ်ဘဲ စစ်ပွဲ မတိုင်ခင် ကတည်းက ဒရုန်းတွေ တင်ပို့ထားတာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။