ပုလဲမြို့ ရဲစခန်းထဲ ပျော်ပွဲစား လုပ်နေတဲ့ ရဲတွေတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းထဲမှာ ​ပျော်ပွဲစားလုပ်ပြီး သောက်စားမူးယစ်​နေကြတဲ့ စစ်​ကောင်စီသစ္စာခံရဲ တွေကို ​နိုဝင်ဘာ (၈) ရက်ညပိုင်းမှာ ဒေသကာကွယ်​ရေးတပ်​တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ​ကြောင့် တဦး ​သေဆုံးကာ (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက DNA ကိုပြောပါတယ်။

ရဲစခန်းထဲ သောက်စားမူးယစ်နေကြတဲ့ ရဲတွေကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် စခန်းအပြင်ဘက် ထွက်လာသူတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“စခန်းအပြင်ဘက်ကိုထွက်လာမယ်ဆိုတာလည်း စဥ်းစားမိထား​တော့ ​ရှေ့ထွက်မိုင်း​တွေ ကျွန်​တော်တို့ကြို​ထောင် ထားခဲ့တယ်၊အဲဒီ​ကောင်​တွေ(ရဲများ)ထွက်လာချိန်မှာ မိုင်းဆွဲပစ်လိုက်တယ်”လို့ ရဲဘော်ပေက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့ နဲ့အတူ မဟာမိတ်သုံးဖွဲ့ပူး​ပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ​ဒေသ ကာကွယ်​ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိသလို ​ဒေသခံပြည်သူ​တွေလည်း ထိခိုက်မှုမရှိ​အောင် လုပ်​ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပုလဲမြို့မရဲစခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ မြို့ခံ တဦးက အတည်ပြုပေမယ့် ထိခိုက်သေဆုံးမှုအ ခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

“သေနတ်ပစ်တဲ့အသံ​တွေ​ရော ဗုံးကွဲတဲ့အသံ​တွေ​ရော ဆူညံလို့ကြားရတယ်၊ဒီ​နေ့မနက် (နိုဝင်ဘာ ၉ ရက်) မှ သိရတာက ပုလဲရဲစခန်းကို PDF ​တွေ လာတိုက်သွားတာလို့ သိရတယ်၊အထိအခိုက်ရှိတယ်လို့ကြား​ပေမယ့် အတိအကျမသိဘူး”လို့ ပုလဲမြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် တန်ဆောင်မုန်းလပြည့်ညကလည်း သောက်စားမူးယစ်ပြီး ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်သား ​တွေကို ပုလဲမြို့မ​စျေးအနီးမှာ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က ကြိုတင်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာ​ကြောင့် အကြမ်းဖက်စစ်သားနှစ်ဦး​သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပုလဲမြို့ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံး​တွေမှာ အကြမ်းဖက်စစ်သား ၅၀ ​ကျော် တပ်စွဲထားတယ်လို့ မြို့ခံ​တွေဆီက စုံစမ်းသိရပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်​တွေနဲ့ ​ဒေသတွင်း PDF တပ်ဖွဲ့​​တွေအကြား တိုက်ပွဲတွေ မကြာမကြာ ဖြစ်လေ့ရှိပြီး မြို့နယ်အတွင်း ကျေးရွာတွေဘက်ကိုတော့ စစ်ကောင်စီက လေကြောင်းက စီးနင်းပစ် ခတ်တိုက်ခိုက်မှုတွေ လုပ်လေ့ရှိပါတယ်။