ရုရှားနဲ့ ဆွေးနွေးပြီး ပိုင်နက်နယ်မြေ တစ်စင်တီမီတာတောင် အဆုံးရှုံး မခံဘူးလို့ ယူကရိန်းပြော 

အချုပ်အခြာ အာဏာပိုင် နယ်မြေအားလုံး တစ်စင်တီမီတာမကျန် ပြန်မရမချင်း ရုရှားနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ 

လက်ရှိမှာ ယူကရိန်း တပ်တွေဟာ ရုရှားက သိမ်းပိုက်ထားတဲ့ နိုင်ငံအရှေ့ပိုင်း၊ ဒွန်းညက်စ်ခ် ဧရိယာမှာ တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနေသလို နိုင်ငံတောင်ပိုင်းက ခါဆွန်မှာလည်း စစ်ရေး အသာစီး ရနေပါတယ်။ ရှေ့တန်း စစ်မြေပြင်မှာ အထိနာနေတဲ့ ရုရှားဟာ ယူကရိန်းရဲ့ လူနေဧရိယာတွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ တုံ့ပြန်ပစ်ခတ် ဖျက်ဆီးနေပါတယ်။ 

ဒီအတောအတွင်း ရုရှားနဲ့ ယူကရိန်း အစိုးရတွေကြား စစ်ပွဲကို ရပ်ဆိုင်းဖို့ ဆွေးနွေး ညှိနှိုင်းသင့်ကြောင်း အဆိုပြု တင်ပြတာတွေ ရှိလာသလို အမေရိကန် အစိုးရကလည်း ဇီလန်စကီး အနေနဲ့ ရုရှားမှာ ပူတင် အာဏာရနေသ၍ မဆွေးနွေးဘူးဆိုတဲ့ သဘောထား တင်းမာမှုကို ပြန်သုံးသပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ဒါပေမဲ့ ဇီလန်စကီးကတော့ ရုရှားက ယူကရိန်း နယ်မြေတွေကို မတရား သိမ်းပိုက်ထားတဲ့ အတိုင်းအတာက မြင့်မြင့်မားမား ရှိနေဆဲဖြစ်သလို နေ့စဉ်နေ့တိုင်း တိုက်ခိုက်မှုတွေ ဒါဇင်နဲ့ချီ ကြုံနေရကြောင်း၊ ယူကရိန်း တပ်တွေလည်း ထိခိုက်မှုတွေ ရှိနေပေမယ့် သူတို့ရဲ့ ခံယူချက်ကတော့ လုံးဝ မပြောင်းလဲဘဲ ဒွန်းညက်စ်ခ်မှာ ဆက်လက် ထိုးစစ်ဆင်နေကြောင်း၊ သူတို့ဟာ ယူကရိန်းနယ်မြေ တစ်စင်တီမီတာတောင် အဆုံးရှုံးမခံဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားသွားပါတယ်။ 

ပူတင်က ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ သိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ခုကို ရုရှားပိုင်နက်ထဲ သွတ်သွင်းတယ်လို့ ကြေညာလိုက်တဲ့နောက်ပိုင်း ဇီလန်စကီးက သူဟာ ရုရှားမှာ ပူတင် သမ္မတ ဖြစ်နေသမျှ ကာလပတ်လုံး လုံး​​ဝ စေ့စပ် ဆွေးနွေးတော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ 

အခုအခါမှာ ရုရှားဟာ ကျူးကျော်စစ် ဗျူဟာတွေကို စွန့်လွှတ်ပြီး ရှိရင်းစွဲ သိမ်းပိုက်နယ်မြေတွေကို ကာကွယ်ဖို့ အသည်းအသန် ခံစစ် ပြင်ဆင်နေရပါတယ်။ ယူကရိန်းတပ်တွေ တရွေ့ရွေ့ နီးကပ်လာတဲ့ ခါဆွန်မှာလည်း ဒေသခံတွေကို ရုရှားတပ်တွေက အတင်းအကျပ် ထွက်ခွာဖို့ ဖိအားပေးနေပါတယ်။ ယူကရိန်းက ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု တစ်ခုလို့ စွပ်စွဲပေမယ့် ရုရှားကတော့ ပြည်သူတွေ ဘေးကင်းအောင် စီစဉ်ပေးတာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။