ရုရှားကို စစ်လက်နက် ထောက်ပံ့နေကြောင်း အမေရိကန် စွပ်စွဲချက်ကို မြောက်ကိုရီးယား ငြင်းဆို 

ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ ပေးပို့နေကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယားက တင်းတင်းမာမာ တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ ရုရှားက ယူကရိန်းကို တိုက်ခိုက်ဖို့ စစ်လက်နက်တွေ ထောက်ပံ့နေပါတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ လုံးဝ အခြေအမြစ် မရှိဘူးလို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

အမေရိကန်-တောင်ကိုရီးယား မဟာမိတ် အင်အားစုနဲ့ မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်မှာ KCNAက အခုလိုမျိုး ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက မြောက်ကိုရီးယားဟာ အရှေ့အလယ်ပိုင်း၊ ဒါမှမဟုတ် အာဖရိကကို ကုန်ပစ္စည်းတွေ တင်ပို့တယ်လို့ အကြောင်းပြပြီး တကယ်တမ်းကျတော့ ရုရှားဆီကို လက်နက်ကြီးတွေ အပါအဝင် စစ်လက်နက်တွေ ပေးပို့နေတာလို့ ပြောကြားခဲ့ပါတယ်။ 

KCNAကတော့ မကြာသေးခင် အတောအတွင်း အမေရိကန်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား လက်နက်ဆိုင်ရာ သဘောတူညီမှုတွေ ရှိနေတယ် ဆိုတာမျိုး အခြေအမြစ် မရှိတဲ့ ကောလာဟလတွေကို ဖြန့်ဝေနေကြောင်း တုံ့ပြန်ပါတယ်။ ဒါဟာ နိုင်ငံတကာ မျက်နှာစာမှာ မြောက်ကိုရီးယားကို နာမည်ဖျက်ဖို့ အမေရိကန်ရဲ့ ရန်လိုတဲ့ အပြုအမူ တစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်းလည်း KCNAက ဆိုပါတယ်။ 

မြောက်ကိုရီးယားဟာ ရုရှားနဲ့ စစ်လက်နက်ဆိုင်ရာ ဘယ်လို သဘောတူညီမှုမှ မရှိသလို အနာဂတ်မှာလည်း ဆွေးနွေးမယ့် အနေအထား မရှိဘူးလို့ ထပ်မံ ပြောကြားလိုကြောင်း KCNAက ဖော်ပြသွားပါတယ်။ 

ကာဘီကတော့ ရုရှားဟာ မြောက်ကိုရီးယားရဲ့ စစ်လက်နက်တွေကို ဘယ်လိုလမ်းကြောင်းကနေ ရရှိနေသလဲဆိုတာ အတိအကျ မသိပေမယ့် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေမယ်လို့ ပြောပါတယ်။ ယူကရိန်း စစ်ပွဲမှာ ရုရှားဟာ စစ်လက်နက် ခန်းခြောက် ပြတ်တောက်မှုတွေ ကြုံနေရတာကြောင့် အီရန်နဲ့ မြောက်ကိုရီးယားတို့ဆီက အကူအညီ ယူနေရကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။ 

အီရန် အစိုးရကလည်း ရုရှားကို ယူကရိန်း စစ်ပွဲ မတိုင်ခင်ထိ ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေ တင်ပို့ဖူးပေမယ့် စစ်ပွဲကာလမှာတော့ ဘယ်လို လက်နက် အရောင်းအဝယ် ကိစ္စမှာ မရှိခဲ့ကြောင်း ငြင်းချက်ထုတ်ထားပါတယ်။