ပုသိမ်မြို့မှာ မီးမျှောပွဲကျင်းပနေချိန် အနီးဝန်းကျင်မှာ ဗုံးပေါက်လို့ ပွဲဖျက်

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်း ငဝန်မြစ်အတွင်း စစ်ကောင်စီက ဦးစီးပြီး ဒီကနေ့ နိုဝင်ဘာ (၇)ရက် မှာ ပြုလုပ်တဲ့ တန် ဆောင်တိုင်မီးမျှောပွဲဟာ ညနေခြောက်နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲလို့ ပွဲပျက်သွားပါတယ်။

မီးမျောပွဲ ကျင်းပမယ့် နေရာ နဲ့ မီတာ သုံးရာ(ပေတထောင်နီးပါး)လောက်အကွာ အမှတ် (၂)ရပ်ကွက် ကမ်းနား လမ်း ရေပေါ်ဈေး အနီး မကျီးပင်လမ်း တံတားထောင့် မှာပေါက်ကွဲတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သူတစ်ဦးက DNA ကို ပြောပါတယ်။

“ပေါက်ကွဲတဲ့အသံ အတော်ကျယ်တယ်၊ပွဲလာတဲ့ သူတွေရော ရေပေါ်ဈေးလာတဲ့သူတွေရော ပြေးကြလွှား ကြဖြစ် ကုန်တယ်” လို့မြို့ခံတဦးက ဆိုပါတယ်။

အဲ့ဒီမီးမျှောပွဲ ကို အာဏာသိမ်း စစ်ကောင်စီရဲ့ အနောက်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူး နဲ့ စစ်ကောင်စီခန့် ဧရာ၀တီတိုင်း ဝန်ကြီးချုပ်တို့ ပါဝင်တဲ့ တိုင်းစစ်ကောင်စီအဖွဲ့ဝင်တွေ ရောက်လာပြီး မကြာမီမှာပဲ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာမျိုး သတင်းထုတ်ပြန်တာမျိုး မရှိသေး သလို လူထိခိုက် သေဆုံးတာမျိုးလည်း မရှိဘူးလို့သိရပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့ က တန်ဆောင်တိုင် မီးထွန်းပွဲတော် ဆီမီးမျှောပွဲနဲ့ စတုဒီသာပွဲရဲ့ နိုဝင်ဘာ (၇) ရက်နေ့ အစီအစဉ်ကို စစ်ကောင်စီ လုံခြုံရေး ပိုမိုတင်းကြပ်ထားပေမယ့် အခုလိုပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ကရင်ပြည်နယ် ဘားအံမြို့မှာ မနေ့ညက ကျင်းပခဲ့တဲ့ ကရင်ပြည်နယ်နေ့ပွဲတော် ကျင်းပနေချိန်မှာလည်း ပွဲကျင်းပရာကွင်းပြင်အနီးဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

ပြည်ထောင်စုအဆင့် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဝန်ကြီးတွေ တက်ရောက်ခဲ့တဲ့ အဲ့ဒီပွဲတော်ကိုတော့ ဗုံးပေါက်မှု ကြောင့် ပွဲဖျက်သိမ်းလိုက်တာ၊ရပ်ဆိုင်းလိုက်တာမျိုးမရှိပေမယ့် ဆက်လက်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဗုံးပေါက်ကွဲမှုမှာလည်း လူထိခိုက်မှုမရှိခဲ့ပါဘူး။