တွံတေးမှာ အရပ်သားလင်မယား ပစ်ခတ်သတ် ဖြတ်ခံရ၊ မြို့ခံပြောက်ကျားတပ်က စုံစမ်းနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ လာကပုံကျေးရွာက မိဘမေတ္တာကားဝပ်ရှော့ပိုင်ရှင် လင်မယားကို အ မည်မသိလက်နက်ကိုင် တစုက နိုဝင်ဘာ (၆) ရက် မွန်းလွဲပိုင်းမှာ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

မိဘမေတ္တာကားဝပ်ရှော့ပိုင်ရှင်တွေဖြစ်တဲ့ အသက် ၄၂နှစ်အရွယ် ကိုတိုးမင်းထိုက် (ခ) သထုံကြီးနဲ့ ဇနီးဖြစ်သူ အသက် ၂၀ အရွယ် မပပဝင်းတို့ဟာ နေအိမ်မှာပဲ ပစ်ခတ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။

“သူတို့လင်မယားက အရပ်သားတွေပါ၊ သူတို့စီးပွား သူတို့လုပ်နေတဲ့သူတွေပါ၊ နိုင်ငံရေးနဲ့ပတ်သက်တာမရှိသလို ၊သတင်းပေး၊ ဒလန်လုပ်တဲ့သူတွေလည်း မဟုတ်ဘူး၊ စစ်တပ်နဲ့လည်း မပတ်သက်ဘူး၊PDF နဲ့ပတ်သက်သူတွေလည်းမဟုတ်ဘူး၊ အဲ့ဒါကို ဒီလိုလာပြီးသေနတ်နဲ့ပစ်သွားတာ၊ လူမှုရေးပြဿနာရှိတယ်လို့လည်း မကြားမိပါဘူး”လို့ လာကပုံကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

အရပ်သားလင်မယားနှစ်ဦးအခုလို သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာစုံစမ်းနေပြီး မြို့ခံပြောက်ကျားတပ်ဖွဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာမရှိဘူးလို့မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကိုတိုးမင်းထိုက်(ခ)သထုံကြီးနဲ့ ဇနီးဖြစ်သူ မပပဝင်း တို့နှစ်ဦးဟာ လာကပုံကျေးရွာမှာ ကားဝပ်ရှော့ဆိုင်ဖွင့်ပြီး စီးပွားရှာနေတဲ့ သာမန်အရပ်သားပြည်သူတွေဖြစ်တယ်ဆိုတာကိုလည်း အဲ့ဒီအဖွဲ့ကအ တည်ပြုပါတယ်။

“သေချာတာပြောနိုင်တာကတော့ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုကလုပ်တာ မဟုတ်ပါဘူး၊သူတို့က သာမာန်ပြည်သူတွေပါ၊သူတို့ကို မနေ့က နေ့လည်ပိုင်း လောက်မှာ အိမ်ထဲဝင်ပစ်သွားတာလို့သိရပါတယ်၊ ပစ်တဲ့သူတွေကိုတော့ ဘယ်အဖွဲ့အစည်းကလည်းဆိုတာ စုံစမ်းနေတုန်းပါ”လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)တာဝန်ရှိသူကပြောပါတယ်။

အခုလို အရပ်သားပြည်သူအပေါ်အကြမ်းဖက်သတ် ဖြတ်ခဲ့တာကို ဘယ်အကြောင်းပြချက်နဲ့မှ လက်ခံမှာမဟုတ်ဘဲ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်အ ရေးယူသွားမယ်လို့ သူကဆိုပါတယ်။