ဟောလိုဝင်းပါတီ ဖြစ်ရပ်ဆိုးကြီးနဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတ ဝန်ချတောင်းပန် 

ဆိုးလ်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ဟောလိုဝင်းပါတီ အစုလိုက်အပြုံလိုက် သေဆုံးမှုကြီးနဲ့ ပတ်သက်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်က အစိုးရကိုယ်စား ဝန်ချ တောင်းပန်ခဲ့ပါတယ်။ 

အောက်တိုဘာ ၂၉ ရက်က ဆိုးလ်မြို့တော်မှာရှိတဲ့ လူစည်ကားရာ အေထယ်ဝန် ရပ်ကွက်မှာ ဟောလိုဝင်း ပါတီပွဲအတွက် လူငယ်တွေ စုဝေးနေရာက အသက်ရှူမွန်းကျပ်လို့ တိုးဝှေ့ကြရင်း လူပိလို့၊ တက်နင်းမိလို့ ၁၅၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါဟာ ဆိုးလ်မြို့တော် သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်စဉ် တစ်ခုအနေနဲ့လည်း မှတ်တမ်း ဝင်လာခဲ့ပါတယ်။ 

သေဆုံးသူ အများစုဟာ ဆယ်ကျော်သက်တွေနဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တွေ ဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ် ၁၉၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဖြစ်ရပ်ဆိုးကြီး ပေါ်မလာခင် တစ်နာရီလောက် အလိုကတည်းက အဲဒီနေရာမှာ လူတွေ မတန်တဆ ပြွတ်သိပ် များပြားနေတာနဲ့ ပတ်သက်လို့ စိုးရိမ်တကြီး ဖုန်းဆက် တိုင်ကြားမှုတွေ ရှိခဲ့ပေမယ့် အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် မတုံ့ပြန်ခဲ့ကြောင်း စွပ်စွဲမှုတွေ ရှိနေပါတယ်။ 

ဒီအခြေအနေကို အကြောင်းပြုပြီး ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့ဟာလည်း ဝေဖန်မှုတွေနဲ့ အပြင်းအထန် ကြုံတွေ့နေရပါတယ်။ နိုဝင်ဘာ ၇ ရက်မှာတော့ သမ္မတ ယွန်းက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပေါ့ပေါ့ဆဆ တုံ့ပြန်ခဲ့တဲ့ အရာရှိတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့ ကတိပြုခဲ့ပြီး စီမံခန့်ခွဲမှု အမှားတွေအတွက် ဝန်ချ တောင်းပန်ခဲ့ပါတယ်။ သမ္မတက ရဲတပ်ဖွဲ့မှာ ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည် ဖော်ဖို့နဲ့ နိုင်ငံရဲ့ လုံခြုံရေး စီမံခန့်ခွဲမှု စနစ်တွေကို ပြန်ပြင်ဆင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ 

သားသမီးတွေ ဆုံးရှုံးလိုက်ရတဲ့ မိဘတွေနဲ့ထပ်တူ နာကျင်ခံစားရပါတယ်လို့ သူ့အနေနဲ့ ပြောဆိုဖို့ မဝံ့ရဲကြောင်း၊ ဒါပေမဲ့ နိုင်ငံရဲ့ သမ္မတ အနေနဲ့ ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ သူ့မှာ တာဝန်ရှိသလို ဒီဖြစ်ရပ်ကြီးအတွက် အရမ်း ကြေကွဲမိကြောင်း ယွန်းက ဆိုပါတယ်။ နာကျင်ခံစားနေရတဲ့ မိသားစုတိုင်းအတွက် သူကိုယ်တိုင် ဝမ်းနည်းမိသလို အနူးအညွတ်လည်း တောင်းပန်လိုကြောင်း၊ ပြောမပြတတ်အောင် ဆိုးရွားလှတဲ့ ကိစ္စကြီးနဲ့ ဆက်နွှယ်ပြီး ထိခိုက်နစ်နာရသူ အားလုံးကို တောင်းပန်ကြောင်းလည်း သမ္မတက ပြောကြားသွားပါတယ်။ 

ဆိုးလ်ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ချိန်က လူပေါင်း တစ်သိန်းလောက် စုဝေးနေတဲ့ နေရာကို အမှုထမ်း ၁၃၇ ဦးသာ စေလွှတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း အတော်ကြီး ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရပါတယ်။ အစောပိုင်းမှာ ရဲတွေက အဲဒီအချိန် ဆိုးလ်မြို့ရဲ့ တစ်နေရာမှာ ဆန္ဒပြပွဲတွေ ဖြစ်နေလို့ ရဲအင်အား ခွဲဝေ တာဝန်ပေးထားရတဲ့အတွက် အင်ပြည့်အားပြည့် မတုံ့ပြန်နိုင်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။