ကြည်ဇော်အေး (ရာမျိုး)

Delta News Agency က ဦးစီးထုတ်ဝေနေတဲ့ နွေဦးပွင့်သစ်မဂ္ဂဇင်း အမှတ် (၁၀) မှာ ဖေါ်ပြထားတဲ့ ရာမျိုး ရဲ့ “ကြည်ဇော်အေး” ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။

ကြည်ဇော်အေး

အလန်ဂျင်းစဘတ်ရဲ့
တောင်ပံတစ်ဖက်တပ်ထားတယ်
တောင်သမန်မှာ ငါပြောခဲ့တဲ့ ငရဲဘုံ
သားကဗျာဆရာ။
တိမ်တိုက်အောက်က ထွက်လာတဲ့
ငှက်ဟာ
ဘဝတွေကို ဝင်ကြည့်ပြီး
ဘယ်တော့မှ ကဗျာမရေးဘူး
နှစ်တွေရဲ့ အော်သံတုန်ယင်မှုကို ငြင်းတယ်
ရန်ကုန်မြို့ပေါ် ခြေဖျားထောက်ပြီး
လျှောက်သွားတယ်
စကားလုံးရှာဖို့ ညတွေထဲလျှောက်
သွားရင်းမူးပြီး ပြန်လာတဲ့အခါ
ငါတို့ဟာ တစ်ယောက်ပြိုလဲမှုတစ်ယောက်
ကျားကန်ထားခဲ့
ဖျံတွေ မကုန်တဲ့ရန်ကုန်မှာ
မင်းဟာ မင်းအိပ်ကပ်ထဲ ကြွေကျလာတဲ့
သစ်သီးကိုမှ စားချင်တဲ့ကောင်။
မင်းအတ္တရဲ့ ဝိတ္တာရချဲ့မှု
သိပ်မဆန်းကြယ်တဲ့
စိတ်ခေါင်းရှုပ်စရာ ဝန်ထုပ်ဝန်ပိုးတစ်ခု
အထီးကျန်စွာ ယိုစီးကျလာတယ်။
တောမြို့ရဲ့ ရိုးသားတောက်ပတဲ့ဝိညာဉ်ကို ဗဟိုပြု

ပေါက်ရောက်နေတဲ့ မင်းဆံပင်ဖြူတွေကို
ပြန်အလေးပြုလိုက်
သူငယ်ချင်း။

ရာမျိုး
၂၁-၁၀-၂၀၁၉