တရုတ်ဒုံးပျံ တစ်စင်းက စွန့်ပစ်အစိတ်အပိုင်းကြီးတစ်ခု ပစိဖိတ် သမုဒ္ဒရာထဲ ကျဆင်း 

တရုတ် ဒုံးပျံတစ်စင်းဆီက ၂၂ တန်လောက် အလေးချိန်ရှိတဲ့ အပျက်အစီး အစိတ်အပိုင်း တစ်ခုဟာ နိုဝင်ဘာ ၄ ရက်မှာ သမုဒ္ဒရာထဲ ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။ 

ကမ္ဘာ့လေထုထဲ ကျဆင်းလာတဲ့ အရှိန်ကြောင့် မျက်နှာပြင်မှာ မီးကျွမ်းပြီး မည်းနက်နေတဲ့ ဒုံးပျံ တွန်းကန်အားဖြည့် ကိရိယာကြီးဟာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ထဲ ကျဆင်းသွားပြီး ကမ္ဘာပေါ်မှာ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ တရုတ် အမျိုးသား အာကာသဌာနက ထုတ်ပြန်ပါတယ်။ 

ဒါပေမဲ့ အဲဒီ ဒုံးပျံ အစိတ်အပိုင်းဟာ စပိန်နိုင်ငံ အရှေ့မြောက်ဖက်၊ ကာတာလိုနီယာ ဒေသကို ဖြတ်သန်းသွားတာကြောင့် လေယာဉ်ခရီးစဉ် ၃၀၀ ဝန်းကျင်လောက်ကို အရေးပေါ် ဆိုင်းငံ့ထားစေခဲ့ရကြောင်း စပိန် အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ 

ဒါဟာ တရုတ်က လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး လွှတ်တင်နေတဲ့ Long March 5B စီမံကိန်းရဲ့ ဒုံးပျံဆီကနေ ကမ္ဘာပေါ်ကို ပြန်လည် ကျဆင်းလာတဲ့ ၄ ခုမြောက် အပိုင်းအစ ဖြစ်ပါတယ်။ အဲဒီ ဒုံးပျံနဲ့ တွဲစပ်ထားတဲ့ အာကာသယာဉ်ဟာ ကမ္ဘာပေါ် ဘေးကင်းကင်း ပြန်ဆင်းသက်ဖို့အတွက် မလိုအပ်တော့တဲ့ အပိုင်းအစတွေကို အလိုလို ဖြုတ်ချနိုင်အောင် တရုတ်က တီထွင်ထားပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ကို ပြန်ကျလာတဲ့ အပိုင်းအစတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်ကြောင်း အနောက်နိုင်ငံတွေက အပြင်းအထန် ဝေဖန်ထားကြပါတယ်။ 

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က တရုတ် သုံးစွဲနေတဲ့ နည်းပညာဟာ အန္တရာယ်ကြီးပြီး တာဝန်မဲ့လွန်းတယ်လို့ အတိအလင်း စွပ်စွဲထားပါတယ်။ နောက်ပြီး တရုတ်က အဲဒီလို ဒုံးပျံ စွန့်ပစ် အစိတ်အပိုင်းတွေ ကျရောက်လာမယ့် လမ်းကြောင်းနဲ့ ပတ်သက်လို့ အချက်အလက်တွေ အတိအကျ မထုတ်ပြန်တဲ့ အတွက်လည်း မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံတွေ့နိုင်ခြေ ပိုများတယ်လို့ နာဆာက ပြောပါတယ်။ 

အာကာသထဲ ဒုံးပျံတွေ၊ ဂြိုဟ်တုတွေ လွှတ်တင်နေတဲ့ နိုင်ငံအားလုံးဟာ သူတို့ရဲ့ အာကာသ လှုပ်ရှားမှုတွေနဲ့ လုံခြုံရေး စံနှုန်းတွေအပေါ် တာဝန်ခံမှု၊ ပွင့်လင်းမြင်သာရှိမှုတွေက သိပ်အရေးကြီးတယ်လို့လည်း နာဆာက ဆိုပါတယ်။ 

အဲဒီ ဒုံးပျံ အစိတ်အပိုင်းကြီးဟာ ပုံမှန်ဆိုရင် ၁၀၈ ပေရှည်ပြီး ၂၂ တန်ကျော် လေးလံပါတယ်။ ဒါပေမဲ့ အဆီးအတားမရှိ အရှိန်အဟုန်နဲ့ ကျဆင်းလာချိန်မှာ ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်မှုကြောင့် အစိတ်အပိုင်း တစ်ခုလုံးရဲ့ ၁၀ ကနေ ၄၀ ရာခိုင်နှုန်း အတွင်းလောက်သာ ကြွင်းကျန်လိမ့်မယ်လို့လည်း တရုတ် သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ 

၂၀၂၀ ပြည့်နှစ်မှာ Long March 5B စီမံကိန်းရဲ့ ဒုံးပျံကို ပထမဆုံးအကြိမ် လွှတ်တင်ချိန်က တွန်းကန်မှု အစိတ်အပိုင်း တစ်ခုဟာ အထိန်းအကွပ် မရှိဘဲ အနောက်အာဖရိက ဒေသဆီ ကျဆင်းလာပြီး အိုင်ဗရီကို့စ်က ကျေးရွာတစ်ခုပေါ်တည့်တည့် ကျသွားခဲ့ဖူးပါတယ်။ ဒုံးပျံကို တတိယအကြိမ် လွှတ်တင်တဲ့ အခုနှစ်၊ ဇူလိုင်လမှာ လွှတ်တင်ခဲ့တုန်းကလည်း ဒုံးပျံ အစိတ်အပိုင်း တစ်ခုက အရှေ့တောင်အာရှ ဒေသတွင်း မလေးရှား နိုင်ငံမှာ ကျရောက်ခဲ့တယ်လို့ သိရပါတယ်။