မင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက်များ

ဒီစိတ်ကူးကို သူက လူသိရှင်ကြားတော့ ထုတ်မပြောဖူးသေးဘူးပေါ့။ ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်လွန်းတဲ့ အိပ်မက်ကို နှစ်ရှည်လများ ဆုပ်ကိုင်ထားခဲ့တယ်လို့ သူနဲ့ နီးစစ်တဲ့ စစ်ဘက်အရာရှိကြီး တချို့က ပြောပါတယ်။

ကြည့်ရတာတော့ အဲဒီအိပ်မက်ကို သိပ်မကြာခင်မှာ မင်းအောင်လှိုင်တစ်ယောက် လက်တွေ့ အကောင်အထည် ဖော်တော့မယ့်ပုံ ရပါတယ်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ကျင်းပဖို့ လျာထားတဲ့ ရွေးကောက်ပွဲ မတိုင်ခင် စစ်တပ်က ကျောထောက်နောက်ခံ ပြုထားတဲ့ နိုင်ငံရေး ပါတီဟာ အင်အားပြန်လည် စုစည်းပြီး အခြေခိုင်မာအောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ Nikkei Asia သတင်းဌာနက မင်းအောင်လှိုင်ရဲ့ သမ္မတ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ စစ်ဘက်အရာရှိတွေက “ဒါက သူ့ရဲ့ အိပ်မက်၊ သူ့ရဲ့ မျှော်မှန်းချက်ပါပဲ။ သေချာပေါက် ဖြစ်မြောက်လာအောင် သူလုပ်လိမ့်မယ်”လို့ ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်နှစ်ရပ် စုပေါင်းပြီး သမ္မတကို ရွေးချယ် တင်မြှောက်ပါတယ်။ ဒီတော့ လာမယ့် ရွေးကောက်ပွဲကျရင် စစ်တပ်က ခန့်အပ်ပိုင်ခွင့် မရှိတဲ့ ၇၅ ရာခိုင်နှုန်းသော လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ဟာ မင်းအောင်လှိုင်ရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးမယ့် အဓိက သော့ချက် ဖြစ်လာပါလိမ့်မယ်။ သူဟာ စစ်တပ်က ခန့်အပ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ ကိုယ်စားလှယ်တွေဆီက ထောက်ခံမဲ လုံလုံလောက်လောက် ရခဲ့မယ်ဆိုရင် သမ္မတနေရာကို လက်လှမ်းဖို့ ဖြစ်နိုင်ခြေ အရမ်းများသွားပါလိမ့်မယ်။

ရွေးကောက်ပွဲကြို ပြင်ဆင်မှုတွေမှာ USDPဟာ မင်းအောင်လှိုင်ရဲ့ ညာလက်ရုံး တစ်ယောက်လို့ ပြောရမယ့် ဦးခင်ရီကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း အောက်တိုဘာ လဆန်းပိုင်းက ပါတီ ညီလာခံမှာ ဆုံးဖြတ်ခဲ့ပါတယ်။ USDPဟာ အားကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ လိုအပ်ကြောင်း၊ ဒီအချက်ဟာ သိပ်အရေးကြီးသလို ပါတီအတွက် အဓိက မောင်းနှင်အား ဖြစ်စေမယ့် အဖွဲ့ဝင်တွေ၊ ထောက်ခံအားပေးသူတွေကိုပါ တိုးမြှင့်ချဲ့ထွင်ဖို့ အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဦးခင်ရီက ပြောပါတယ်။

ဦးခင်ရီဟာ စစ်တပ် အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ရဲချုပ်အဖြစ်လည်း တာဝန်ယူဖူးပါတယ်။ USDPဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ခုဆက်တိုက် မရှုမလှ ရှုံးနိမ့်ခဲ့ပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြိုင်ဘက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က သောင်ပြိုကမ်းပြို ရလဒ်တွေနဲ့ချည်း အနိုင်ယူခဲ့ပါတယ်။

ဦးခင်ရီ မတိုင်ခင်က USDP အကြီးအကဲ ဖြစ်ခဲ့တဲ့ ဦးသန်းဌေးဟာ စစ်တပ် အရာရှိကြီးတွေကို ရံဖန်ရံခါ ဝေဖန်တာတွေ ရှိခဲ့ဖူးသလို မင်းအောင်လှိုင်ကိုတောင် ဦးတည်တာတွေ ရှိခဲ့ဖူးတယ်။ အခုအခါမှာတော့ မြန်မာစစ်တပ်ဟာ USDPထဲမှာ အငြိမ်းစား စစ်တပ် အရာရှိတွေ တော်တော်များများကို ထည့်သွင်းဖို့ စီစဉ်နေပါတယ်။ အဲဒီ စစ်တပ် အရာရှိဟောင်းတွေဟာ ကိုယ်စားလှယ်လောင်း အနေနဲ့ ယှဉ်ပြိုင်ဖို့ အတွက်ရော၊ မဲဆွယ်မှုတွေမှာ အားဖြည့် ကူညီဖို့ပါ တာဝန်ယူရဖွယ် ရှိနေတယ်။ 

“အရာရှိတွေကို ပါတီရဲ့ ဘယ်အစိတ်အပိုင်းမှာ ဘယ်လို နေရာပေးမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားနေပါတယ်”လို့ USDPရဲ့ သတင်းရင်းမြစ် တစ်ဦးက ဆိုတယ်။ တစ်ချိန်တည်းမှာပဲ စစ်တပ်ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဖိနှိပ် ဖြိုခွင်းတာတွေကိုလည်း အရှိန်မြှင့် ဆောင်ရွက်လာခဲ့ပါတယ်။ ဒါပေမဲ့ NLDကို အပြည့်အဝ ဖျက်သိမ်းပစ်မယ့် အကြံအစည်ကိုတော့ ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိတယ်။ ဒါကလည်း ရွေးကောက်ပွဲရဲ့ တရား​ဝင်မှုကို ဟန်ဆောင်ပန်ဆောင် ပြသလို့ကောင်းအောင် ရည်ရွယ်ထားရုံသာ ဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အာဏာသိမ်း စစ်တပ်က အဂတိလိုက်စားမှု အပါအဝင် စွဲချက်ပေါင်းစုံနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်ထားပြီးပါပြီ။ NLDရဲ့ ရာထူးကြီး အဖွဲ့ဝင် တချို့ဟာ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားရပြီး အာဏာသိမ်း စစ်ကောင်စီကို ယှဉ်ပြိုင်ဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကို ဖွဲ့စည်းထားကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် NLD အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ခဲ့တဲ့အတွက် ၂၀၂၂ ရွေးကောက်ပွဲကို NUGကလည်း ထောက်ခံစရာ အကြောင်းမရှိပါဘူး။ NLDကို အားပေးတဲ့ ပြည်သူ အများစုကလည်း လာမယ့်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖွယ် ရှိပါတယ်။

 NLDဟာ အရင်ခေတ် စစ်အစိုးရ အုပ်စိုးမှုကို အဆုံးသတ်စေခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဖွဲ့စည်းပုံ ဥပဒေနဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေဟာ ဒီမိုကရေစီနဲ့ မလျော်ညီကြောင်း စွပ်စွဲပြီး သပိတ်မှောက်ခဲ့ဖူးပါတယ်။ NLD မပြိုင်ဖြစ်တဲ့ အဲဒီရွေးကောက်ပွဲတုန်းကတော့ USDPက သောင်ပြိုကမ်းပြို ရလဒ်နဲ့ နိုင်ခဲ့ဖူးပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း အလားတူ အခြေအနေမျိုး ပြန်လည် ကြုံတွေ့လာမယ်ဆိုရင် မထူးဆန်းဘူးလို့ပဲ ပြောရပါလိမ့်မယ်။

 (Nikkei Asia ၏ Myanmar’s Gen. Min Aung Hlaing sets sights on presidency ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်)