သူ့ကို လုပ်ကြံဖို့ ကြိုးစားမှုမှာ လက်ရှိ ပါကစ္စတန် ဝန်ကြီးချုပ် ပါဝင်တယ်လို့ အင်မ်ရန်ခန်း စွပ်စွဲ 

သူ့ကို လုပ်ကြံဖို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ လက်ရှိ ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ် ပါဝင် ပတ်သက်နေကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းက စွပ်စွဲ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၃ ရက်က နိုင်ငံရေး စုဝေးပွဲ တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားရာက ခန်းရဲ့ ခြေထောက်ကို သေနတ် ထိမှန်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အခုတော့ ခန်းဟာ လာဟိုးမြို့က ဆေးရုံမှာ ဆက်ရှိနေပေမယ့် ဒဏ်ရာအခြေအနေ သက်သာစ ပြုလာပြီ ဖြစ်ပါတယ်။
အသက် ၇၀ အရွယ် ခန်းဟာ ပါကစ္စတန် သမိုင်းမှာ အယုံအကြည်မရှိ အဆိုနဲ့ ဖယ်ရှားခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ဧပြီလမှာ သူ့ရဲ့ အရိုက်အရာကို ရှရစ်ဖ်က ဆက်ခံခဲ့ပါတယ်။ သူတို့နှစ်ဦးကြားမှာ ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုတာက လူတိုင်းသိပြီးသား ကိစ္စပါ။ ရှရစ်ဖ်က ခန်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကို ကြားသိရတဲ့နောက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ခန်းကတော့ လုပ်ကြံဖို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ အဓိက ကြိုးကိုင်သူဟာ ဝန်ကြီးချုပ် ရှရစ်ဖ်နဲ့ နောက်ထပ်နှစ်ဦး ဖြစ်တယ်လို့ တပ်အပ် စွပ်စွဲခဲ့ပါတယ်။ ခန်းစွပ်စွဲတဲ့ နောက်ထပ် နှစ်ဦးကတော့ ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနော်လာနဲ့ စစ်တပ် အရာရှိကြီး တစ်ဦးတို့ ဖြစ်ပါတယ်။
အဲဒီသုံးယောက်က သူ့ကိုသတ်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ခန်းက အခိုင်အမာ ဆိုပါတယ်။ ပြီးတော့ လုပ်ကြံမှုမှာ ပါဝင်တဲ့ သေနတ်သမားက နှစ်ယောက်လို့လည်း ခန်းက ဆက်ပြောပါတယ်။ ရှရစ်ဖ်နဲ့ ပါကစ္စတန် အစိုးရကတော့ ခန်းရဲ့ စွပ်စွဲချက် အားလုံးဟာ အခြေအမြစ် မရှိဘူးလို့ တုံ့ပြန်ပြီး ပယ်ချထားပါတယ်။ ပြီးတော့ သေနတ်သမားတွေဟာ ဘာသာရေး အစွန်းရောက် အယူသီးမှုနဲ့ ဆက်စပ်ပြီး ခန်းကို လုပ်ကြံဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ အစိုးရဖက် ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ ပြန်ကြားရေး အဖွဲ့ကလည်း လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ စစ်ဘက်အကြီးအကဲတစ်ဦး ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ သက်သေ မခိုင်လုံဘဲ တာဝန်မဲ့ ပြောဆိုရာ ကျလွန်းတယ်လို့ ထုတ်ပြန်ပါတယ်။
ခန်းဟာ ရွေးကောက်ပွဲ အချိန်စော ကျင်းပပေးဖို့ ဆော်ဩတောင်းဆိုတဲ့ နယ်လှည့် စည်းရုံးရေး ယာဉ်တန်းနဲ့အတူ လိုက်ပါလာပြီး မြို့တော် အစ္စလာမ်မာဘတ်ဆီ ဦးတည်နေချိန်မှာ သေနတ်နဲ့ အပစ် ခံခဲ့ရတာပါ။ လက်ရှိ အစိုးရက သူ့ကို နိုင်ငံရေး လှုပ်ရှားမှုတွေကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် ခန်းကတော့ ရွေးကောက်ပွဲဝင်ပြီး ဝန်ကြီးချုပ် ရာထူးအတွက် ပြန်လည်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားဆဲ ဖြစ်ပါတယ်။