ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ပထမနေ့ ယှဉ်ပြိုင်ကြရာမှာတော့ လီဗာပူးလ်၊ ဘိုင်ယန်နဲ့ တော့တင်ဟမ် အသင်းတွေ အသီးသီး အနိုင်ရခဲ့ကြပါတယ်။ လီဗာပူးလ်၊ ဘိုင်ယန်တို့အတွက် အခုပွဲစဉ်တွေက ရင်ခုန်စရာ မကောင်းတော့ပေမယ့် တော့တင်ဟမ်ကတော့ အုပ်စုနောက်ဆုံးပွဲကို အဆုံးအဖြတ် ဗိုလ်လုပွဲလို ကစားပြီးမှ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ် ၂ – ၀ နာပိုလီ
အုပ်စုပွဲဦးထွက်မှာ အရှက်တကွဲ ရှုံးထားခဲ့တဲ့အပေါ် လီဗာပူးလ်က ကောင်းကောင်း လက်စားချေနိုင်ခဲ့ပေမယ့် အုပ်စုဗိုလ် နေရာအတွက်တော့ လုံလောက်မှု မရှိခဲ့ပါဘူး။ နှစ်သင်းလုံး အမှတ်တူနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပေမယ့် လတ်တလော ခြေစွာနေတဲ့ အီတလီ ကလပ်က ထိပ်တိုက် တွေ့ဆုံမှုမှာရော၊ ဂိုးကွာခြားချက်မှာပါ လီဗာပူးလ်အပေါ် အသာစီးယူပြီး အုပ်စုဗိုလ်နေရာကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း ၅၂ မိနစ်မှာ ကေဗာရာ ရှက်လီရာရဲ့ ပြစ်ဒဏ်ဘောကို အိုစတီဂတ်ဒ်က ခေါင်းတိုက် သွင်းပေးမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် လီဗာပူးလ်တို့ ဦးဆောင်ဂိုး ပေးရမယ့် အနေအထားကနေ သက်သာရာ ရသွားခဲ့ပါတယ်။ ဂိုးမရှိသရေနဲ့ ပွဲပြီးမလို ဖြစ်နေရာကနေ ၈၄ မိနစ်မှာတော့ ထောင့်ကန်ဘောကို နူနက်ဇ် ခေါင်းတိုက်ရာကနေ ဂိုးသမား ကာကွယ်လို့ လျှံထွက်လာတဲ့ ဘောလုံးကို ဆာလားက ပြေးဝင်ပိတ်သွင်းပြီး လီဗာပူးလ်တို့ ဗွေဆော်ဦးဂိုး စသွင်းနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာလည်း ပုံစံတူ အနေအထားနဲ့ပဲ ထောင့်ကန်ဘောကို ဗန်ဒက်ဂျ် ခေါင်းတိုက်ရာကနေ ဂိုးသမား ပုတ်ထုတ်ပြီး လျှံထွက်လာတဲ့ ဘောလုံးကို နူနက်ဇ်က အနီးကပ် ကန်သွင်းခဲ့တာကြောင့် လီဗာပူးလ် အနိုင်ရသွားပါတယ်။ ဒီဂိုးကို အစောပိုင်းမှာ လူကျွံတယ်လို့ သတ်မှတ်ထားရာကနေ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ဂိုးအဖြစ် အသိအမှတ် ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရလဒ်တွေ ယိမ်းယိုင်နေပေမယ့် လီဗာပူးလ်တို့ ချန်ပီယံလိဂ်မှာတော့ ၆ ပွဲကစား ၅ ပွဲနိုင်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် ၂ – ၀ အင်တာမီလန်
ဒီပွဲစဉ် မတိုင်ခင် ကတည်းက နှစ်သင်းလုံး အုပ်စု ပထမ၊ ဒုတိယတွေအဖြစ် နောက်တစ်ဆင့်တက်ဖို့ သေချာနေပြီးသား ဖြစ်တဲ့အတွက် မှတ်တမ်းသဘော ဆန်ဆန် ပွဲတစ်ပွဲသာ ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က အုပ်စုအဆင့် ၆ ပွဲစလုံးကို အနိုင်ကစားပြီး နောက်တစ်ဆင့်တက်တယ်ဆိုတဲ့ မှတ်တမ်းကို အိမ်ကွင်းမှာ အရယူသွားခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာ ကင်းမစ်ချ် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို နောက်ခံလူ ပေဗက်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး ဘိုင်ယန်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ၇၁ မိနစ်မှာတော့ ဒေးဗီးစ်ရဲ့ ပေးပို့မှုကနေတဆင့် ဘိုင်ယန် တိုက်စစ်မှူး ချူပိုမိုတင်က ဘီးကုပ်စက်ဝိုင်း အပြင်ဖက်ကနေ လှလှပပ အပြင်းကန်သွင်းပြီး ဘိုင်ယန်အတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရယူသွားခဲ့ပါတယ်။
မာဆေးလ် ၁ – ၂ တော့တင်ဟမ်ဟော့စပါး
အုပ်စု(D)ရဲ့ အနေအထားက အခုပွဲ မတိုင်ခင်ထိ ၄ သင်းလုံး အမှတ်မကွာဘဲ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ကိုယ်စီ ရှိနေခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးပွဲစဉ်တွေမှာ အဝေးကွင်းနိုင်ပွဲတွေ ရခဲ့တဲ့ တော့တင်ဟမ်နဲ့ ဖရန့်ဖတ်တို့က ရှုံးထွက်အဆင့်ကို တက်လှမ်းသွားကြပါတယ်။ ပထမပိုင်း ပြီးခါနီး နောက်ဆုံးမိနစ်မှာ ထောင့်ကန်ဘောကတဆင့် အနီးကပ် အပေးအယူလုပ်ပြီး ဗယ်ရီတော့တ် ကန်တင်ပေးတာကို အမ်ဘမ်ဘာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး အိမ်ရှင် ပြင်သစ် ကလပ်က ဦးဆောင်ဂိုး ရသွားတဲ့အတွက် တော့တင်ဟမ်တို့ ဇောချွေး ပြန်ခဲ့ရသေးပါတယ်။ ၅၃ မိနစ်မှာတော့ ဘယ်ခြမ်းက ပါရီဆစ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို လန်းဂလက်က ခေါင်းတိုက်ပြီး တော့တင်ဟမ်တို့ ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီပွဲနိုင်မှ နောက်တစ်ဆင့် တက်မှာဖြစ်တဲ့ မာဆေးလ်ဟာ အနိုင်ဂိုးရဖို့ အလွန်အကျွံ တက်ဖိကစားခဲ့ရာကနေ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ တန်ပြန်တိုက်စစ်ကြောင့် ဂိုးပါထပ်ပေးလိုက်ရပါတယ်။ မာဆေးလ်ဖက်က ဆုံးရှုံးသွားတဲ့ ဘောလုံးကို ကိန်းက ရရှိပြီး မျှောပေးလိုက်တာကို လွတ်လွတ်ကျွတ်ကျွတ် ပြေးတက်လာတဲ့ ဟွိုက်ဂျ်ဗျက်က အပြင်းကန်သွင်းပြီး တော့တင်ဟမ်တို့ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ခွင့် ရသွားစေခဲ့ပါတယ်။ တော့တင်ဟမ်ဟာ နောက်ဆုံးနှစ်ပွဲဆက်တိုက် ရှုံးနေရာကနေ နိုင်ပွဲပြန်ရှာတွေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
အခြားပွဲစဉ်ရလဒ်များ
ရိန်းဂျားစ် ၁ – ၃ အိုင်းယက်စ်အမ်စတာဒမ်
လေဗာကူဆန် ၀ – ၀ ဘရုဂ်
ပေါ်တို ၂ – ၁ အက်သလက်တီကိုမက်ဒရစ်
ဗစ်တိုးရီးယားပလာဇန် ၂ – ၄ ဘာစီလိုနာ
စပို့တင်းလစ္စဘွန်း ၁ – ၂ ဖရန့်ဖတ်