စစ်ရေးလေ့ကျင့်မှုတွေ ရပ်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားကို မြောက်ကိုရီးယား သတိပေး 

တောင်ကိုရီးယားနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ရပ်တန်းက မရပ်ရင်း ပြင်းပြင်းထန်ထန် တုံ့ပြန်တဲ့ အခြေအနေတွေနဲ့ ကြုံရလိမ့်မယ်လို့ အမေရိကန်ကို မြောက်ကိုရီးယားက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။ 

အမေရိကန်က မဟာမိတ် တောင်ကိုရီးယားနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ချဲ့ထွင်လာတာဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်နေတဲ့ အလားအလာတွေလို့ ရှုမြင်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။ လတ်တလောမှာ မြောက်ကိုရီးယားက ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ပြနေပြီး အမေရိကန်က သူတို့လုပ်ရပ်ကိုတွေ မရပ်ဘူးဆိုရင် အဲဒီထက် ပြင်းထန်တာတွေ တွေ့မြင်လာရစေမယ်လို့လည်း မြောက်ကိုရီးယားက နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။ 

လောလောဆယ်မှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ စုစုပေါင်း လေယာဉ် အစီး ၂၀၀ ကျော် ပါဝင်တဲ့ လေကြောင်းချီ စစ်ဆင်ရေးတွေကို လေ့ကျင့်နေပါတယ်။ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဘက်စုံသုံး တိုက်လေယာဉ်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ F-35တွေလည်း အဲဒီစစ်ဆင်ရေးမှာ ပါဝင် ပျံသန်းခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကိုဗစ်ရောဂါ ဂယက်ကြောင့်ရော၊ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးကို မြှင့်တင်ဖို့ အားထုတ်မှု တစ်ခုအနေနဲ့ပါ နှစ်နိုင်ငံ ပူးပေါင်းစစ်ရေး လေ့ကျင့်မှု အတိုင်းအတာကို သိသိသာသာ လျှော့ချခဲ့ကြပါတယ်။ 

ဒီနှစ်မှာတော့ မြောက်ကိုရီးယားက စံချိန်တင် ပမာဏအဖြစ် ဒုံးကျည် အစင်း ၄၀ ကျော် စမ်းသပ်ပစ်ခတ် ပြခဲ့သလို မဟာမိတ် နှစ်နိုင်ငံကလည်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို အလုံးအရင်း ပြန်လည် မြှင့်တင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ Vigilant Stormဆိုတဲ့ လေကြောင်းချီ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်နေတာပါ။ မကြာသေးခင်ကတင် တောင်ကိုရီးယားဟာ နှစ်စဉ်ပြုလုပ်နေကျ Hoguk မြေပြင် အခြေစိုက် စစ်ရေးလေ့ကျင့်မှုတွေ ပြီးစီးခဲ့ပြီး အရေအတွက် မဖော်ပြတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ 

အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးဟာ အခုနှစ်မှာ သိသိသာသာ ပိုမိုတင်းမာလာနေသလို မြောက်ကိုရီးယားက နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှုတစ်ခု ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း အခြေအနေတွေကို ပိုမို ခက်ထန်လာစေပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား မဟာမိတ် ၃ နိုင်ငံကတော့ မြောက်ကိုရီးယားသာ အမှန်တကယ် နျူကလီးယားလက်နက် စမ်းသပ်ရင် မကြုံစဖူး တင်းတင်းမာမာ တုံ့ပြန်မှုမျိုး ကြုံရစေမယ်လို့ ခြိမ်းခြောက်ထားပါတယ်။