ဒဏ်ရာ အကင်းမသေလို့ ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားတဲ့ ပေါ့ဂ်ဘာ 

နာမည်ကြီး ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာဟာ ဒဏ်ရာ အကင်းမသေတဲ့အတွက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနဲ့ လွဲချော်သွားပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ပေါ့ဂ်ဘာဟာ အခုနှစ် ဘောလုံးရာသီ အစမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ဂျူဗင်းတပ်စ် အသင်းဆီ ပြောင်းရွှေ့လာခဲ့သူပါ။ ဒါပေမဲ့ သူဟာ ဇူလိုင်လမှာ ဒူးဒဏ်ရာ ရရှိသွားတဲ့အတွက် အီတလီ ကလပ်အတွက် တစ်ရာသီလုံး တစ်ပွဲမှ မကစားရသေးပါဘူး။

မကြာသေးခင်က ဂျူဗင်းတပ်စ်နဲ့အတူ အပေါ့စား လေ့ကျင့်မှုတချို့ ပြန်လည် စတင်လာတဲ့အတွက် သူ့ရဲ့ ကမ္ဘာ့ဖလား အိပ်မက်က ရှင်သန်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆေးစစ်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးချိန်မှာတော့ ပေါ့ဂ်ဘာရဲ့ ဒဏ်ရာ ပျောက်ကင်းဖို့ နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုထိ အနားယူရဦးမယ်လို့ အဖြေ ထွက်လာပါတယ်။

လက်ရှိ ချန်ပီယံ ပြင်သစ်ဟာ နိုဝင်ဘာ ၂၂ ရက်မှာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အဖြစ် ဩစတြေးလျနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

အောက်တိုဘာ ၃၁ ရက်မှာ ပေါ့ဂ်ဘာရဲ့ အေးဂျင့် ရာဖယ်လာ ပီမန်တာက တိုရီနိုနဲ့ ပစ္စဘက်ဂ်မြို့တွေမှာ ပေါ့ဂ်ဘာရဲ့ ကြံ့ခိုင်မှုအတွက် ဆေးစစ် စမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ကြောင်း၊ ပေါ့ဂ်ဘာဟာ အပြင်းအထန် နာကျင်မှုတွေ ခံစားနေရဆဲ ဖြစ်သလို ခွဲစိတ်ကုသမှုနောက်ပိုင်း နားနေချိန် ပိုလိုအပ်ဦးမယ်လို့ ဆရာဝန်တွေက အတည်ပြုခဲ့ကြောင်း ပြောကြားသွားပါတယ်။ 

ဒါကြောင့် ပေါ့ဂ်ဘာဟာ ဂျူဗင်းတပ်စ် အသင်းဖော်တွေနဲ့ သွားရောက် ပူးပေါင်းနိုင်ဦးမှာ မဟုတ်သလို လက်ရွေးစင် အသင်းနဲ့အတူ ကာတာနိုင်ငံကို လိုက်ပါသွားနိုင်မှာ မဟုတ်ကြောင်း အေးဂျင့်က အတည်ပြုသွားပါတယ်။

ပေါ့ဂ်ဘာဟာ ပြင်သစ်အတွက် နောက်ဆုံးပွဲစဉ်ကို မတ်လတုန်းက တောင်အာဖရိကနဲ့ ယှဉ်ပြိုင်ပြီး ၅-၀ နဲ့ အနိုင်ရတုန်းက ပါဝင် ကစားခဲ့ပါတယ်။ 

အီတလီ မီဒီယာတွေက ပေါ့ဂ်ဘာဟာ ဒူးဒဏ်ရာအပြင် ပေါင်မှာလည်း ဒဏ်ရာ ရရှိထားပြီး ဒီအခြေအနေက သူ့ရဲ့ နာလန်ထမှုကို ပိုမို နှောင့်နှေးစေကြောင်း ဖော်ပြကြပါတယ်။ အစောပိုင်းမှာ ကတည်းက ဂျူဗင်းတပ်စ်အသင်း မန်နေဂျာ မက်ဆီမီလီယာနို အယ်လာဂရီကလည်း ပေါ့ဂ်ဘာကို ကမ္ဘာ့ဖလားမှာ တွေ့မြင်ရနိုင်ခြေ အရမ်းနည်းလိမ့်မယ်လို့ ကြိုတင်မှတ်ချက် ပေးထားခဲ့ပါတယ်။