နိုင်ပွဲကိုယ်စီ ရခဲ့ကြတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် (ပွဲပြီး သုံးသပ်ချက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ နာမည်ကြီး အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေက နိုင်ပွဲအသီးသီး ရရှိခဲ့ပြီး သက်ဆိုင်ရာ ပရိသတ်တွေကို ကျေနပ်စေခဲ့ပါတယ်။ 

အာဆင်နယ် ၅ – ၀ နော်တင်ဟမ်ဖောရက်စ်

ဆောင်းတွင်းဝင်လာပြီဆိုရင် အာဆင်နယ်က ဗွေဖောက်နေကျဆိုတဲ့ လှောင်ပြောင်မှုတွေကို လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူတွေက ဒီပွဲမှာ သက်တောင့်သက်သာ အနိုင်ကစားရင်း ချေဖျက်ပြသွားပါတယ်။ ဒီပွဲမှာ အာဆင်နယ်ရဲ့ အဓိက ကစားသမား တစ်ဦးလို့ ဆိုရမယ့် ဆာကာ ဒဏ်ရာရသွားပေမယ့် လူစားဝင်လာတဲ့ နယ်လ်ဆင်က ၂ ဂိုး သွင်းခဲ့တာကြောင့် အသင်းရဲ့ အရန်အင်အား တောင့်တင်းမှုကိုလည်း ထင်ဟပ်စေခဲ့ပါတယ်။ ပွဲအစ ၄ မိနစ်မှာတင် ဆာကာ ကန်တင်ပေးတဲ့ ဘောလုံးကို မာတီနယ်လီက ပြေးဝင် ခေါင်းတိုက်ပြီး အိမ်ရှင်တို့ ပွဲကို ဦးဆောင်ပါတယ်။ နောက်ပိုင်းမှာလည်း အာဆင်နယ်က ပွဲကို စိုးမိုးထားပေမယ့် ပထမပိုင်းမှာ ဂိုးထပ် မရခဲ့ပါဘူး။ ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာပဲ ဂျေးဇူးစ် ချပေးတဲ့ ဘောလုံးကို နယ်လ်ဆင်က နှစ်ဆင့်ကန်သွင်းပြီး ဒုတိယဂိုး ရသွားပါတယ်။ ၅၁ မိနစ်မှာ ဂျေးဇူးစ် အနိမ့်ဖြတ်ပို့ပေးတဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းပြီး နယ်လ်ဆင်က နောက်တစ်ဂိုး သွင်းပြန်ပါတယ်။ ၅၆ မိနစ်မှာတော့ နယ်လ်ဆင် ခင်းပေးတဲ့ ဘောလုံးကို ပါတေးက ဧရိယာ အပြင်ဖက်ကနေ လှလှပပ ကန်သွင်းပြီး ပွဲရလဒ်ကို ပိုပြတ်သားစေခဲ့ပါတယ်။ အာဆင်နယ်အတွက် ၅ လုံးမြောက် အပိတ်ဂိုးကိုတော့ ၇၇ မိနစ်မှာ ဂျေးဇူးစ်ရဲ့ ပေးပို့မှုကနေတဆင့် အိုဒီဂတ်ဒ်က ဂိုးဧရိယာထဲကနေ အပြင်းကန်သွင်းပြီး ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်ဟာ မန်ချက်စတာစီးတီးကို ပြန်ကျော်တက်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည် ရယူထားခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက် ၁ – ၀ ဝက်စ်ဟမ်းယူနိုက်တက်

ဒီပွဲမှာတော့ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်ဟာ အားသာချက်တွေရော၊ လိုအပ်ချက်တွေပါ ရှိနေတယ်ဆိုတာ အထင်အရှား ပြသသွားပြီး ရသင့်ရထိုက်တဲ့ ၃ မှတ်ကိုတော့ သည်းထိတ်ရင်ဖို ရယူသွားခဲ့ပါတယ်။ ယူနိုက်တက်မှာ ဒါလော့၊ ရှော၊ ရက်ရှ်ဖို့ဒ်၊ မာတီနက်ဇ်နဲ့ ဂိုးသမား ဒဟေးယားတို့လို ကစားသမားတွေ ပုံစံကောင်း ပြသသွားပေမယ့် အသင်းသားတချို့ ပွဲဆက်တွေများပြီး နွမ်းနယ်နေတာလည်း တော်တော် သိသာခဲ့ပါတယ်။ နောက်ပြီး ရော်နယ်လ်ဒို ပွဲထွက်လာတဲ့ တိုက်စစ်က အခွင့်အရေးတွေ အသုံးချတဲ့ အပိုင်းမှာ အတော်လေး အားနည်းခဲ့သလို ဒဏ်ရာကြောင့် အန်တိုနီ မကစားနိုင်ချိန်မှာ ညာခြမ်းတိုက်စစ်က လုံးဝ ပုံစံပျက်နေခဲ့ပါတယ်။ ယူနိုက်တက်အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲချိန် ၃၇ မိနစ်မှာ အဲရစ်ဆန်ရဲ့ ပြောင်မြောက်တဲ့ ဖြတ်တင်ဘော ပေးပို့မှုကို ရက်ရှ်ဖို့ဒ်က အပြင်းခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင် ကစားသမား ဖရက်ဒ်ရဲ့ ခေါင်းတိုက်ချက် တစ်ကြိမ် ကောင်းမွန်ခဲ့ပေမယ့်လည်း တိုင်ထိပြီး ထွက်သွားပါတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာတော့ ဝက်စ်ဟမ်းရဲ့ တိုက်စစ်ဆင်မှုတွေကို အိမ်ရှင်အသင်း အလူးအလဲ ခုခံခဲ့ရပြီး ဇူးမား၊ ရိုက်စ်တို့ရဲ့ ဂိုးရလုနီးပါး အားထုတ်မှုတွေကို ဂိုးသမား ဒဟေးယား အထူးစပယ်ရှယ် လက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့လို့သာ အဖိုးတန် ၃ မှတ်ကို အပြည့်အဝ ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။