Twitter ကို အီလွန်မတ်စ်ခ် ဝယ်ယူ၊ ကုမ္ပဏီ အကြီးအကဲတချို့ ချက်ချင်း အလုပ်ပြုတ်

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ အီလွန်မတ်စ်ခ်ဟာ ကမ္ဘာကျော် လူမှုကွန်ရက် ကုမ္ပဏီ Twitterကို သိမ်းသွင်း ဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။ 

တရားဝင် လုပ်ငန်းလွှဲပြောင်းမှု စာချုပ်ကို ချုပ်ဆိုအပြီးမှာပဲ မတ်စ်ခ်ရဲ့ ဩဇာဟာ လုပ်ငန်းအပေါ် စတင် သက်ရောက်မှု ရှိလာပြီး Twitterရဲ့ အမှုဆောင်ချုပ် အပါအဝင် အဆင့်မြင့်ရာထူးရှိသူ ၃ ဦးကို ချက်ချင်း ထုတ်ပယ်လိုက်ပါတယ်။ 

နီးစပ်သူ နှစ်ဦးက Twitter အမှုဆောင်ချုပ် ပါရက်ဂ် အက်ဂရာဝဲလ်၊ ဘဏ္ဍာရေးမှူးချုပ် နက်ဒ်ဆီဂဲလ်နဲ့ ဥပဒေ အကြံပေး အကြီးအကဲ ဗီဂျာယာ ဂက်ဒီတို့ကို မတ်စ်ခ်က ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။ ဒီကိစ္စက ရှုပ်ထွေးပြီး ထိလွယ်ရှလွယ် ရှိနိုင်တာကြောင့် သတင်းရင်းမြစ် နှစ်ယောက်စလုံးက နာမည်ဖော်ပြဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ 

မတ်စ်ခ်ဟာ Twitterကို ဘယ်လောက်နဲ့ ဝယ်ယူလိုက်သလဲ ဆိုတာရယ်၊ စာချုပ်ပါ အသေးစိတ် အချက်အလက်တွေရယ်ကိုတော့ မသိရပါဘူး။ မူလက မတ်စ်ခ်ဟာ Twitterကို ဝယ်ယူဖို့ တစ်ကြိမ် ကြိုးစားပြီးမှ ပျက်ပြယ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက Twitterရဲ့ တန်ဖိုးကို ဒေါ်လာ ၄၄ ဘီလီယံလို့ သတ်မှတ်ခဲ့ဖူးပါတယ်။ 

မတ်စ်ခ်ဟာ ဒေါ်လာ ၂၂၁.၅ ဘီလီယံလောက် ချမ်းသာပြီး Tesla လျှပ်စစ်ကား ကုမ္ပဏီ၊ Starlink အင်တာနက် ကွန်ရက်နဲ့ SpaceX အာကာသ ခရီးသွား ​ဝန်ဆောင်မှုလို နည်းပညာ လုပ်ငန်းကြီးတွေကို ဦးဆောင်နေပါတယ်။ ကမ္ဘာပေါ်မှာ ဒေါ်လာ ၂၀၀ ဘီလီယံအထက်ထိ ချမ်းသာသူက မတ်စ်ခ် တစ်ဦးသာ ရှိတယ်လို့ Forbesက ဆိုပါတယ်။ 

မတ်စ်ခ်ဟာ Twitterကို လက်လွှဲ ဝယ်ယူပြီးချိန်မှာ ဖွဲ့စည်းပုံအရ အပြောင်းအလဲတွေ ကြီးကြီးမားမား အကောင်အထည် ဖော်လာလိမ့်မယ်လို့လည်း သတင်းကြီးနေပါတယ်။ အဲဒီ အပြောင်းအလဲတွေက Twitterကို သုံးစွဲသူ တိုးလာအောင်၊ ဝင်ငွေ မြင့်တက်လာအောင် အဓိက ဦးတည်ချက်ထား ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ 

လောလောဆယ်တော့ Teslaရဲ့ ပြိုင်ဘက် မော်တော်ယာဉ် လုပ်ငန်းစုကြီး General Motorsက Twitterမှာ ကြော်ငြာနေတာ အားလုံးကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပါတယ်။ Twitterရဲ့ ပိုင်ရှင် ပြောင်းသွားပြီလို့ နားလည်တဲ့အတွက် သင့်တော်သလို တုံ့ပြန် စီစဉ်နေကြောင်း အမေရိကန် မော်တော်ယာဉ် လုပ်ငန်းစုကြီးက ဆိုပါတယ်။ General Motorsဟာ Teslaကို ယှဉ်ပြိုင်ဖို့အတွက် Twitter အပါအဝင် နေရာပေါင်းစုံမှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ကြော်ငြာစရိတ်တွေ သုံးစွဲထားခဲ့ကြောင်း သိရပါတယ်။