မီလန်မြို့က ဓားထိုးမှုမှာ အာဆင်နယ် ကစားသမား ဒဏ်ရာရ  

အီတလီနိုင်ငံ၊ မီလန်မြို့မှာ ဓားကိုင်ပြီး တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားရာက ၁ ဦးသေပြီး အာဆင်နယ် အသင်းပိုင် ကစားသမား အပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ 

အောက်တိုဘာ ၂၇ ရက်က မီလန်မြို့မှာရှိတဲ့ စျေးဝယ်စင်တာ တစ်ခုနားမှာ ဓားထိုးမှု ဖြစ်ခဲ့တာပါ။ ရဲတွေက အသက် ၄၆ နှစ်အရွယ် တရားခံကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပေမယ့် ဓားထိုးမှု ဖြစ်ပွားတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု ဖြစ်နိုင်ခြေကိုတော့ ရဲတပ်ဖွဲ့က ပယ်ချထားပါတယ်။ 

ကာရာဘီနိုင်ရီရပ်ကွက် ရဲစခန်းရဲ့ အဆိုအရ စျေးဝယ်စင်တာမှာ အလုပ်လုပ်နေတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

ဒဏ်ရာရသူတွေထဲမှာ အာဆင်နယ်ကနေ အီတလီ စီးရီးအေကလပ် မွန်ဇာကို အငှားလာရောက် ကစားနေတဲ့ ခံစစ်မှူး ပက်ဘလို မာရီလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ကံကောင်း ထောက်မစွာနဲ့ အသက် ၂၉ နှစ်အရွယ် စပိန်သား အပါအဝင် ဒဏ်ရာရသူ အားလုံးက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေ မရှိပါဘူး။ 

မွန်ဇာအသင်းရဲ့ အမှုဆောင်ချုပ် အက်ဒရီယာနို ဂယ်လီယာနီက မာရီရဲ့ ကျောဖက်မှာ အတော်လေး နက်ရှိုင်းတဲ့ ဒဏ်ရာ ရခဲ့ကြောင်း၊ ဒါပေမဲ့ အဆုတ်လိုမျိုး ခန္ဓာကိုယ် အတွင်းပိုင်း ကလီစာတွေတော့ မထိခိုက်ခဲ့ကြောင်း၊ သူမြန်မြန် ပြန်သက်သာလာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ် အသင်းကလည်း မာရီရော၊ တခြားထိခိုက်နစ်နာခဲ့သူတွေ အားလုံးနဲ့ထပ်တူ ထိခိုက် ခံစားရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အသင်းက မာရီရဲ့ အေးဂျင့်နဲ့ ချက်ချင်း ဆက်သွယ်ခဲ့ကြောင်း၊ မာရီက ဆေးရုံတက်နေပေမယ့် ဒဏ်ရာအရမ်းမပြင်းဘူးလို့ အတည်ပြုချက် ရရှိကြောင်း အာဆင်နယ်က ပရိသတ်တွေကို အသိပေးထားပါတယ်။ 

မာရီဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘရာဇီးကလပ် ဖလာမင်ဂိုကနေ အာဆင်နယ်ကို အငှားစတင် ရောက်ရှိလာပြီး နောက်ပိုင်းမှာတော့ အပြီးသတ် စာချုပ်ခဲ့ပါတယ်။ သူဟာ အာဆင်နယ်အတွက် စုစုပေါင်း ၁၉ ပွဲသာ ကစားခွင့် ရခဲ့ပြီး အီတလီ ကလပ်တွေဖြစ်တဲ့ အူဒီးနီးစ်၊ မွန်ဇာတို့မှာ နှစ်ရာသီဆက်တိုက် အငှားထွက် ကစားခဲ့ရပါတယ်။