ရုရှားရဲ့ ခြိမ်းခြောက်မှု ကြီးထွားလာပေမယ့် အမေရိကန်အတွက် အဓိက စိန်ခေါ်မှုဟာ တရုတ်သာ ဖြစ်နေဆဲလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ရုရှားဟာ အိမ်နီးချင်း နိုင်ငံတွေအပေါ် ရန်လိုမှု ပြသနေပြီး တရုတ်ကလည်း ထိုင်ဝမ်ကို ထိန်းချုပ်ဖို့ စိုင်းပြင်းနေကြောင်း၊ ဒါ့အပြင် နျူကလီးယား လက်နက် ပိုင်ဆိုင်မှုမှာလည်း ရုရှားက ကမ္ဘာပေါ်မှာ အရေအတွက် အများဆုံး ဖြစ်နေပြီး တရုတ်ကလည်း သူတို့ရဲ့ လက်နက်တိုက်ကို ချဲ့ထွင်နေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အကြီးအကဲဖြစ်သူ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ပြောပါတယ်။
အမေရိကန် အတွက်တော့ တရုတ်ဟာ တစ်ခုတည်းသော စိန်ခေါ်မှုအဖြစ် ရှိနေကြောင်း၊ တရုတ်ဟာ လက်ရှိ နိုင်ငံတကာရေးရာ သွင်ပြင်လက္ခဏာတွေကို ပြောင်းလဲပစ်ဖို့ အစဉ်တစိုက် ကြိုးစားနေပြီး အဲဒီလို လုပ်နိုင်တဲ့ စွမ်းအားမျိုးလည်း ပိုင်ဆိုင်ထားကြောင်း အော်စတင်က ဆိုတယ်။
ရုရှားကတော့ အမေရိကန်ကို ရေရှည်အတွက် စနစ်တကျ စိန်ခေါ်နိုင်စွမ်း ရှိလာမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ လတ်တလော အခြေအနေမှာတော့ ရုရှားရဲ့ ရန်လိုမှုတွေဟာ လက်တွေ့ကျပြီး အားကောင်းတဲ့ ခြိမ်းခြောက်မှုအဖြစ် ရှိနေကြောင်း ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ အစီအမံ အစီရင်ခံစာမှာလည်း တရုတ်နဲ့ ပတ်သက်လို့ ပိုပြီး အကျယ်တဝင့် ဖော်ပြထားပါတယ်။ တရုတ်ဟာ အင်ဒို-ပစိဖိတ် ဒေသနဲ့ နိုင်ငံတကာ လက်ခံထားတဲ့ စနစ်တွေကို သူတို့ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ကိုက်ညီအောင် ပြောင်းလဲနိုင်ဖို့ အားထုတ်နေကြောင်း ရေးသားထားပါတယ်။
ပြီးတော့ ရုရှားနဲ့ တရုတ်တို့ရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်မှုတွေဟာ အနာဂတ်မှာ အမေရိကန်အတွက် သတိကြီးကြီးထားရမယ့် ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့လည်း ဆိုတယ်။ ရုရှားက နျူကလီးယားလက်နက် အလုံးအရင်း ပိုင်ဆိုင်ထားပြီး ဖြစ်သလို တရုတ်ရဲ့ လက်နက်တိုက်ကလည်း မြန်မြန်ဆန်ဆန် ချဲ့ထွင် တည်ဆောက်နေတာ တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုတယ်။ ၂၀၃၀ ပြည့်လွန်နှစ်တွေကျရင် အမေရိကန်ဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် နျူကလီးယား လက်နက်ပိုင် နိုင်ငံနှစ်ခုကို မဟာဗျူဟာ ပြိုင်ဘက်တွေအဖြစ် တပြိုင်တည်း ရင်ဆိုင်လာရနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ အချက်တစ်ခုအဖြစ် မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ အလေးအနက် သတိပေးထားခြင်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အမေရိကန်၊ ဒါမှမဟုတ် မဟာမိတ်နိုင်ငံတွေအပေါ် နျူကလီးယားလက်နက် အသုံးပြုပြီး တိုက်ခိုက်ဖို့ ဝန်လေးမယ့်သူမျိုး မဟုတ်ကြောင်းလည်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။