ရုတ်တရက် ရေကြီးလို့ မလေးရှားက ဂူထဲမှာ ပိတ်မိသူ သုံးဆယ်လောက်ကို ကယ်ထုတ်ခဲ့ရ

ရုတ်တရက် ရေကြီးလာလို့ မလေးရှားက လှိုူဏ်ဂူတစ်ခုထဲမှာ ပိတ်မိနေသူ ၃၀ လောက်ကို အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း သိရပါတယ်။

 မလေးရှား မြောက်ပိုင်းက ထုံးကျောက်လှိုဏ်ဂူ တစ်ခုထဲ ရောက်ရှိနေတဲ့ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့ဟာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လှိုဏ်ဂူဝကို ရေဖုံးသွားတဲ့အချိန် ပိတ်မိနေခဲ့တာလို့ ဆိုပါတယ်။

 ပီရက်ခ်ပြည်နယ်က ကမ်ပါဒေသမှာရှိတဲ့ တမ်ပူရွန် လှိုဏ်ဂူထဲမှာ လူ ၃၀ လောက် ပိတ်မိနေခဲ့တာကို အတည်ပြုကြောင်း၊ အခုတော့ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အမည်မဖော်ပြတဲ့ ဒေသခံ ရဲတပ်ဖွဲ့ဝင် နှစ်ဦးက အတည်ပြုပါတယ်။ ပြီးတော့ အသေးစိတ် အချက်အလက်တွေကိုလည်း ပြောမသွားခဲ့ပါဘူး။ 

ပီရက်ခ်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ ရိုက်ကူးရေး အဖွဲ့ထဲမှာ မလေးရှားနဲ့ စင်ကာပူ နိုင်ငံသားတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကွတ်ဘ်ကလည်း လှိုဏ်ဂူထဲ လူတွေ ပိတ်မိနေတဲ့ကိစ္စ သူ့ဆီ အစီရင်ခံထားကြတယ်လို့ အစောပိုင်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။

 ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ပီရက်ခ် မီးသတ်ဌာနရဲ့ အဆိုအရ အဲဒီအဖွဲ့ဟာ ဟောင်ကောင်မှာ ရိုက်ကူးထုတ်လုပ်မယ့် ရုပ်ရှင်ဇာတ်ကား တစ်ခုအတွက် ဂူထဲကို ရောက်နေတာလို့ သိရပါတယ်။ အားလုံးကို ၂ နာရီအတွင်း ချောချောမောမော ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပေမယ့် သီးခြားမှတ်ချက်တော့ မပေးခဲ့ပါဘူး။

 တမ်ပူရွန်ဟာ အတွင်းပိုင်းမှာ ဖွဲ့စည်းပုံ ရှုပ်ထွေးတဲ့ လှိုဏ်ဂူစနစ်တစ်ခု ဖြစ်ပါတယ်။ အတွင်းထဲကို ၃ ကီလိုမီတာလောက်ထိ ရှည်လျားတာကြောင့် မလေးရှား ကျွန်းဆွယ်တစ်ခုလုံးမှာ အကြီးဆုံးနဲ့ အရှည်ဆုံး ထုံးကျောက် လှိုဏ်ဂူအဖြစ် သတ်မှတ် ခံထားရပါတယ်။ ပြီးတော့ ဂူထဲမှာ လှည့်ပတ်သွားလာ ကြည့်ရှုဖို့ ကမ္ဘာလှည့် ခရီးသွား တော်တော်များများ လာရောက် လည်ပတ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။