ပျောက်နေတဲ့ အင်ဒို အမျိုးသမီးရဲ့ အလောင်းကို စပါးအုံးမြွေ ဗိုက်ထဲမှာ ရှာတွေ့

အင်ဒိုနီးရှားနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကြီး တစ်ဦးရဲ့ ရုပ်အလောင်းကို စပါးအုံးမြွေကြီး တစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ 

ဘီတာရာဂျမ်ဘီ ဒေသမှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဂျာရားဆိုတဲ့ အမျိုးသမီးကြီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပုံမှန်အတိုင်း ရာဘာစေးခြစ်တဲ့ လုပ်ငန်းခွင်ကနေ ပြန်လာပြီးတဲ့နောက် နေအိမ်ကို ရောက်မလာတော့ပါဘူး။ 

စိတ်ပူနေတဲ့ မိသားစုတွေနဲ့ ရွာသူရွာသားတွေက ဂျာရားကို နေရာအနှံ့ တောနင်းပြီး ရှာဖွေခဲ့ကြပါတယ်။ တစ်နေရာမှာတော့ မသင်္ကာစရာ ကောင်းလောက်အောင် ဝမ်းဗိုက်ကြီး ပူနေတဲ့ စပါးအုံးမြွေကြီး တစ်ကောင်ကို တွေ့ခဲ့ကြပါတယ်။ 

ရွာသားတွေက မြွေကြီးကို သတ်ပြီး ဝမ်းဗိုက်ကို ခွဲကြည့်တဲ့ အခါမှာတော့ အမျိုးသမီးကြီးရဲ့ အလောင်းကို ရှာတွေ့ခဲ့ကြပါတယ်။ အလောင်းကို မြွေဝမ်းဗိုက်ထဲမှာ တွေ့ခဲ့ကြောင်း၊ ရှာတွေ့ချိန်မှာ အလောင်းဟာ အကောင်းနီးပါး ရှိနေဆဲဖြစ်ကြောင်း ဘီတာရာဂျမ်ဘီ ရဲတပ်ဖွဲ့ အကြီးအကဲ ဟာရီဖာက ပြောပါတယ်။ 

အိမ်ပြန်ရောက်မလာတဲ့ ဇနီးကို စိတ်ပူပြီး ရာဘာ စိုက်ခင်းထိ လိုက်သွားတဲ့ ခင်ပွန်းသည်က ဂျာရားရဲ့ အသုံးအဆောင် တချို့ကို တွေ့ရှိတဲ့နောက် ရဲတွေဆီ အကြောင်းကြားခဲ့တာပါ။ လူတစ်ယောက်လုံးကို မျိုချခဲ့တဲ့ မြေကြီးဟာ ၁၆ ပေလောက် ရှည်လျားတယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်မျိုးက ရှားပါးတယ်လို့ ဆိုပေမယ့် အင်ဒိုနီးရှားမှာ စပါးအုံးမြွေ အစားခံရပြီး သေဆုံးတဲ့ ကိစ္စက ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေတုန်းကလည်း အလားတူ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ 

စပါးအုံး မြွေတွေရဲ့ အထက်နဲ့အောက် မေးရိုးတွေက ဆက်မနေဘဲ ပါးစပ်ကို အကျယ်ကြီး ဟနိုင်လောက်တဲ့ အရွတ်တွေနဲ့ တွဲဆက်ထားတာကြောင့် အရွယ်အစား ကြီးမားတဲ့ သားကောင်တွေကို စားသောက်နိုင်ပါတယ်။ ပြီးတော့ စပါးအုံးတွေက သားကောင်ကို ကိုင်ဖြတ်စားသောက်တာမျိုး မဟုတ်ဘဲ အကောင်လို မျိုချပါတယ်။ အရွယ်အစား ကြီးမားတဲ့ စပါးအုံးတွေဟာ ဝက်တွေ၊ နွားတွေကိုပါ အကောင်လိုက် မျိုနိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။