အာရှလမ်းမမှာ တွဲကားနှစ်စီးမီးရှို့ခံရပြီး လမ်းပိတ်ထား

Photo- CJ
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အမြန်လမ်းမှာ ဒီကနေ့အောက်တိုဘာ (၂၅)ရက် နေ့လယ် နှစ်နာရီဝန်းကျင်မှာ တွဲကားနှစ်စီးကိုမီးရှို့ပြီး လမ်းပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ အဲ့နားက အမြဲရှို့တယ်၊ BGF နဲ့ စစ်ကောင်စီရှို့တာ အဲ့နေရာက သူတို့ကင်းရှိတဲ့နေရာလေ၊ တောင်ခြေနားမှာဘဲ၊ အားနေရှို့နေကြတာ၊ အခုလှိုင်ဝကနေအလုံးကြီး(လက်နက်ကြီး)ပစ်နေတယ်၊ (ခလရ) ၉၇ကလည်းပစ်နေတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ ၂၁ရက်က ကော့ကရိတ်မြို့တွင်းတိုက်ပွဲဖြစ်ပွား အပြီးမှာ ကော့ကရိတ်မြို့တစ်ဝိုက်ကို ညတိုင်းလက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ သိရပါတယ်။
“ လက်နက်ကြီးသံတွေက နေ့တိုင်းကြားနေရတယ် ၊ စစ်ကောင်စီတွေက နေ့တိုင်းရမ်းပြီး ပစ်ပစ်နေတာ၊ ညဘက်ဆိုပိုပြီး ပစ်ပစ်ထုတ်နေတာ၊ မနေ့ညက လေယာဉ်ပျံလာတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ (၄)ရက်ကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းမမှာ တွဲကားနှစ်စီးကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အခုလို ကားတွေကိုမီးရှို့ဖျက်ဆီးပြီး လမ်း ပိတ်ထားတာကြောင့် မြဝတီတက်မဲ့ကားတွေတောင် ခြေမှာပိတ်မိနေတယ်လို့သိရပါတယ်။