ညီညွတ်ကြမှသာ စီးပွားရေး စိန်ခေါ်မှုတွေကို တုံ့ပြန်နိုင်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ်သစ် ဆူနက်ခ်ပြော 

ဗြိတိန်နိုင်ငံ ကြုံတွေ့နေတဲ့ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အထိရောက်ဆုံး တုံ့ပြန်နိုင်ဖို့အတွက် နိုင်ငံရေးအရ သွေးစည်းညီညွတ်ဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် ရီရှီ ဆူနက်ခ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ 

သူဟာ ရာထူးက နုတ်ထွက်သွားတဲ့ လစ်ဇ်ထရက်စ် နေရာမှာ ဗြိတိန် ဝန်ကြီးချုပ်သစ်အဖြစ် အစားထိုး ဆက်ခံမှာ ဖြစ်ပါတယ်။ ဆူနက်ခ်ဟာ ဗြိတိန် သမိုင်းမှာ ပထမဆုံး အာရှနွယ်ဖွား၊ ပထမဆုံး ဟိန္ဒူဘာသာဝင် ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်းဝင်လာတော့မှာပါ။ အသက် ၄၂ နှစ်သာ ရှိသေးတဲ့ သူဟာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အသက်အငယ်ဆုံး ဗြိတိန် ဝန်ကြီးချုပ်လည်း ဖြစ်လာပါမယ်။ 

ဗြိတိန် နိုင်ငံရေး စနစ်အရ အာဏာရ ပါတီရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်မြှောက် ခံရသူဟာ ဝန်ကြီးချုပ် ရာထူးကို ထမ်းဆောင်ခွင့် ရှိပါတယ်။ အောက်တိုဘာ ၂၄ ရက်က ပါတီရဲ့ ထုတ်ပြန်ချက်တွေအရ ဆူနက်ခ် တစ်ဦးတည်းသာ ဝန်ကြီးချုပ် နေရာမှာ ယှဉ်ပြိုင်ဖို့ လုံလောက်တဲ့ ပါတီကိုယ်စားလှယ် ထောက်ခံမဲတွေ ရခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် သူဟာ တခြားသူတွေနဲ့ ယှဉ်ပြိုင်စရာ မလိုတော့ဘဲ ပါတီခေါင်းဆောင်၊ နိုင်ငံဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ 

အစောပိုင်းက ဆူနက်ခ်ဟာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ အကြိတ်အနယ် ပြိုင်ဆိုင်ရမယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ဂျွန်ဆန်က ပါတီတွင်း မဲပေးမှုအတွက် ဝင်မပြိုင်တော့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဆူနက်ခ်က သက်သက်သာသာ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်လောင်းလျာအဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆူနက်ခ်က သူ့ရဲ့ ပါတီကိုရော၊ သူ့ရဲ့ နိုင်ငံကိုပါ ပြန်လည် စုစည်းနိုင်ရေးက ဦးစားပေး ရည်မှန်းချက် ဖြစ်လာကြောင်း ပြောပါတယ်။ ဗြိတိန်ဟာ ခမ်းနားတဲ့ နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ဒါပေမဲ့ လက်တွေ့ အခြေအနေအရ ရှုပ်ထွေး သိမ်မွေ့တဲ့ စီးပွားရေး စိန်ခေါ်မှုမျိုးကို ရင်ဆိုင်နေရကြောင်း၊ ဒီစိန်ခေါ်မှုကို တုံ့ပြန်ဖို့အတွက် ဗြိတိန်နိုင်ငံမှာ တည်ငြိမ်မှုနဲ့ စည်းလုံးမှုတွေ လိုအပ်နေပြီး သူ့ပါတီနဲ့ သူ့နိုင်ငံကို ပြန်လည် စုစည်းဖို့ ဦးစားပေးအဆင့် ကြိုးစားသွားမှာဖြစ်ကြောင်း ဆူနက်ခ်က ဆိုပါတယ်။ 

သူ့ကို ချားလ်စ်ဘုရင်က တရားဝင် ရာထူးခန့်အပ်ပြီးရင် ဆူနက်ခ်ဟာ အစောဆုံးအဖြစ် အောက်တိုဘာ ၂၅ ရက်မှာပဲ ဝန်ကြီးချုပ် တာဝန်တွေကို စတင်ထမ်းဆောင်ဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။