ထူးထူးဆန်းဆန်း ဒီဇိုင်းပေါင်းစုံ​ ခေါင်းဆောင်းတွေဝတ်ပြီး ဖြေဆိုခဲ့ရတဲ့ ကောလိပ်စာမေးပွဲ

ဖိလစ်ပိုင်နိုင်ငံက ကောလိပ်စာမေးပွဲတွေမှာ ကျောင်းသူကျောင်းသားတွေက စာခိုးချမှု ကာကွယ်ရေး ဦးထုပ် အထူးအဆန်းတွေ ဝတ်ဆင်ခဲ့တာကြောင့် အွန်လိုင်းမှာ ရယ်ပွဲဖွဲ့ ပြောဆိုကြတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ လီဂက်ဖ်ပီမြို့က အင်ဂျင်နီယာ ကောလိပ်တစ်ခုမှာ စာမေးပွဲဖြေမယ့် ကျောင်းသူကျောင်းသားတွေ အနေနဲ့ တခြားသူရဲ့ အဖြေလွှာ စာရွက်တွေကို ခိုးကြည့်လို့ မရမယ့် ခေါင်းဆောင်း အကာအကွယ်တွေ ဝတ်ဆင်လာရမယ်လို့ တာဝန်ရှိသူတွေက တောင်းဆိုခဲ့ပါတယ်။

ဟာသဉာဏ်ရွှင်တဲ့ ကောလိပ် ကျောင်းသူကျောင်းသားတွေကလည်း ဒီတောင်းဆိုမှုအပေါ် အထွန့်မတက်ခဲ့ပါဘူး။ အဲဒီအစား ကောလိပ် တာဝန်ရှိသူတွေ တောင်းဆိုတဲ့အတိုင်း မျက်နှာ ဘေးပတ်ပတ်လည်ကို လုံအောင်ဖုံးထားတဲ့ လက်ဖြစ် ခေါင်းဆောင်းမျိုးစုံနဲ့ စာမေးပွဲ လာဖြေခဲ့ကြပါတယ်။

စာမေးပွဲ လာဖြေတဲ့ ကျောင်းသူ ကျောင်းသားတွေက ဆိုင်ကယ်စီး ဦးထုပ်တွေ၊ ကြက်ဥထည့်တဲ့ဘူးနဲ့ လုပ်ထားတဲ့ ခေါင်းဆောင်းတွေ၊ ကတ်ထူပုံး အပေါက်ဖောက်ပြီး လုပ်လာတဲ့ ခေါင်းဆောင်းတွေ စသဖြင့် ပုံစံမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ဝတ်လာကြပါတယ်။

မြင်ကွင်းက ကောလိပ် စာမေးပွဲ တစ်ခုနဲ့ မတူဘဲ ထူးထူးဆန်းဆန်း ခေါင်းဆောင်းတွေ အဆန်းထွင် ဝတ်ဆင်လာတဲ့ ဟောလိုဝင်း မူကွဲပါတီ တစ်ခုလိုမျိုးတောင် ဖြစ်နေပါသေးတယ်။ အခန်းစောင့် ဆရာမ တစ်ယောက်ကတော့ ကျောင်းသူကျောင်းသားတွေ စာမေးပွဲ ဖြေနေတာ ကြည့်ရင်း မရယ်မိအောင် နှုတ်ခမ်းကို ကိုက်ထားခဲ့ရတယ်လို့ ပြောပါတယ်။

ကောလိပ် ပရော်ဖက်ဆာ တစ်ဦးဖြစ်တဲ့ မန်ဒါနီ အော်တစ်ဇ်က အမှန်တော့ ရိုးရိုးရှင်းရှင်း ဒီဇိုင်းနဲ့ စက္ကူအဖြူထည် ခေါင်းဆောင်းလေးတွေသာ ဝတ်ဆင်ခိုင်းခဲ့တာလို့ ပြောပါတယ်။ ဒါကလည်း ထိုင်းနိုင်ငံမှာ မကြာသေးခင် နှစ်ပိုင်းတွေက စတင် အသုံးပြုနေတဲ့ နည်းလမ်းကို မှီငြမ်းခဲ့တာသာ ဖြစ်တယ်လို့ အော်တစ်ဇ်က ရှင်းပြပါတယ်။ ဒါပေမဲ့ သူ့တပည့်တွေက သူ့ထက်ပိုပြီး ဟာသဉာဏ် ရွှင်နေတဲ့အခါ အော်တစ်ဇ်ခမျာ ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

ခုတော့ သူ့ရဲ့ ကောလိပ်က စာမေးပွဲဖြေနေတဲ့ မြင်ကွင်း ဓာတ်ပုံတွေဟာ Facebookလို လူမှုကွန်ရက်တွေပေါ်မှာ အရမ်း ပျံ့နှံ့သွားပြီး လူသိများနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စရဲ့ မူလ ရည်မှန်းချက် အောင်မြင် အထမြောက် သွားတဲ့အတွက် ကျေနပ်ကြောင်း အော်တစ်ဇ်က ဆိုပါတယ်။ ဒီနှစ် စာမေးပွဲမှာ ဖြေဆိုသူ အများစုဟာ သတ်မှတ်ချိန် မပြည့်ခင် အဖြေလွှာ အပ်နှံခဲ့ကြပေမယ့် ခိုးချသူ တစ်ယောက်မှ မရှိခဲ့ဘူးလို့ သိရပါတယ်။