ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရချိန်မှာ ထရက်စ် စိတ်သက်သာ ရသွားတယ်လို့ဆို 

ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်လိုက်ရတဲ့အတွက် လစ်ဇ်ထရက်စ်ဟာ စိတ်မပျက်တဲ့အပြင် စိတ်သက်သာရာ ရသွားတယ်လို့ ဆိုပါတယ်။ 

ထရက်စ်ဟာ မူဝါဒရေးရာ အရှုပ်အထွေးတွေ၊ ပါတီတွင်း ထောက်ခံမှု ကျဆင်းလာတာတွေကို တပြုံတမကြီး ရင်ဆိုင်ခဲ့ရတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကွန်ဆာဗေးတစ် ပါတီ အကြီးအကဲနဲ့ ဗြိတိန် ဝန်ကြီးချုပ် ရာထူးတွေကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ 

သူ့ရဲ့ ဝန်ကြီးချုပ် သက်တမ်းဟာ ၄၅ ရက်သာ ကြာမြင့်ခဲ့တာကြောင့် ဗြိတိန်နိုင်ငံ သမိုင်းမှာ သက်တမ်းအတိုဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။ သူ့ရဲ့ ဝန်ကြီးချုပ် သက်တမ်းဟာ ဘယ်လောက်မှ မကြာလိုက်ပေမယ့် အခွန်မူဝါဒဆိုင်ရာ အရှုပ်အထွေးတွေ၊ အနိမ့်ဆုံး အသုံးစရိတ် သတ်မှတ်ချက်ဆိုင်ရာ အငြင်းပွားမှုတွေ၊ ဝန်ကြီးနေရာ အပြောင်းအလဲတွေနဲ့ အတော်ကြီး ပရမ်းပတာ ဖြစ်ခဲ့ပါတယ်။ 

အခုသီတင်းပတ်မှာ အာဏာရ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်သစ်နဲ့ ဗြိတိန် ဝန်ကြီးချုပ်သစ် ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာ ပီပီပြင်ပြင် တွေ့မြင်လာရဖွယ် ရှိနေပြီး သူ့နေရာ ဆက်ခံမယ့်သူကို အတည်မပြုနိုင်သေးခင် ထရက်စ်က ယာယီ ဝန်ကြီးချုပ် အနေနဲ့ တာဝန်ယူထားပါတယ်။ 

ထရက်စ်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတချို့က ဝန်ကြီးချုပ်ဟာ သူ့ရဲ့ ရာထူးက နုတ်ထွက်ကြောင်း မိန့်ခွန်းကို ပြောဆို ကြေညာပြီးချိန်မှာ ရင်ဘတ်ထဲ တစ်ဆို့နေတဲ့ အစိုင်အခဲကြီး ပျောက်ကွယ်သွားသလို စိတ်လက် ပေါ့ပါးသွားကြောင်း ဖွင့်ဟခဲ့တယ်လို့ ပြောကြပါတယ်။ အနည်းဆုံးတော့ သူ့ဘဝမှာ ဝန်ကြီးချုပ်တစ်ခါ ဖြစ်ခဲ့ဖူးတယ်ဆိုပြီး အမှတ်တရ ရှိသွားပြီလို့ ထရက်စ်က ပေါ့ပေါ့ပါးပါး အရွှန်းဖောက်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ 

ထရက်စ်ဟာ ဗြိတိန်နိုင်ငံ သမိုင်းမှာ တတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွယ်လွန်သူ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ်က အသိအမှတ်ပြု ခန့်အပ်ပေးတဲ့ နောက်ဆုံး ဗြိတိန် ဝန်ကြီးချုပ် အနေနဲ့ပါ မှတ်တမ်း ​ဝင်ခဲ့ပါတယ်။