ယူကရိန်းနိုင်ငံတောင်ပိုင်း၊ ခါဆွန်မြို့မှာ ဖွင့်လှစ်ထားတဲ့ အစိုးရရုံးတွေ၊ အုပ်ချုပ်ရေး ဌာနတွေကို ရုပ်သိမ်းပြီး ရုရှားတပ်တွေက ခံစစ်ကို အကြီးအကျယ် ပြင်ဆင်နေကြောင်း သိရပါတယ်။
ခါဆွန်ဒေသမှာ ယူကရိန်း တပ်တွေရဲ့ ထိုးစစ်က အခြေအနေ ကောင်းနေပြီး မြို့တော် ခါဆွန်ဆီ ဦးတည် ချဉ်းကပ်လာတဲ့နောက် ခုခံစစ်ပွဲအတွက် ပိုပြီး အားထည့် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကတည်းက ရုရှား အာဏာပိုင်တွေက ခါဆွန်မြို့မှာရှိတဲ့ ရုရှားစကားပြောသူ ရုရှားအနွယ်ဝင် သောင်းဂဏန်းလောက်ကို ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
အခုတော့ မြို့ထဲမှာ ရုရှားရဲ့ အရပ်ဖက် စီမံအုပ်ချုပ်ရေး ယန္တရားအားလုံး ရပ်လုနီးပါး ဖြစ်သွားပြီး ခံစစ်ဗျူဟာတွေကို အာရုံစိုက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရုရှားက ခန့်အပ်ထားတဲ့ ခါဆွန်ဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး ကီရဲလ် စထရာမူဆော့ဗ်က ရုရှားဟာ ခံစစ်ကြောင်းကို ပိုမိုအားဖြည့်နေတာ မှန်ပေမယ့် အခြေအနေ အားလုံးက တည်တည်ငြိမ်ငြိမ် ရှိနေဆဲလို့ ပြောပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ခါဆွန် အပါအဝင် ယူကရိန်းက ရုရှား ထိန်းချုပ်နယ်မြေ ၄ ခုကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ ရုရှားရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီညွတ်သလို နိုင်ငံတကာ အသိုက်အဝန်းကလည်း အသိအမှတ် မပြုခဲ့ပါဘူး။ ဒါ့အပြင် မကြာသေးခင်ကလည်း ပူတင်ဟာ အဲဒီ ဒေသ ၄ ခုမှာ စစ်အုပ်ချုပ်ရေး အမိန့်တွေ ထုတ်ပြန်စေခဲ့ပြန်ပါတယ်။
ယူကရိန်း အာဏာပိုင်တွေက အောက်တိုဘာ ၂၃ ရက်မှာ ရုရှားတပ်တွေဟာ ဒီနီပရိုမြို့ရဲ့ အနောက်ဖက်ကမ်း ဧရိယာတွေကနေ ဆုတ်ခွာသွားပြီး မြို့ထဲမှာ စစ်ရေးအတွေ့အကြုံ နည်းပါးတဲ့ အရန်တပ်ဖွဲ့ဝင် အများစုသာ ကျန်ခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းရဲ့ အဆိုကို အတိအကျတော့ မတည်ပြုနိုင်ပါဘူး။
ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ လက်ရှိ မြေပြင် အခြေအနေတွေအရ ရုရှားဟာ ယူကရိန်းရဲ့ သွက်လက်တဲ့ တန်ပြန်ထိုးစစ်တွေကို တားဆီးဖို့ ခံစစ်ဇုန် စည်းတစ်ခုကို ခိုင်ခိုင်မာမာ ပုံဖော်နိုင်အောင် ကြိုးစားနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။
လောလောဆယ်မှာ ရုရှားဟာ ယူကရိန်းကို နောက်ထပ် ဒုက္ခပေးတဲ့ နည်းဗျူဟာ တစ်ခုအဖြစ် လျှပ်စစ် ဓာတ်အားပေး ကွန်ရက်တွေကို ဖြတ်တောက်ဖို့ ကြိုးစားလာတာကိုလည်း တွေ့ရပါတယ်။ ဓာတ်အားပေး စက်ရုံတွေ ပစ်မှတ်ထား တိုက်ခိုက်တာ ခံရတဲ့အတွက် ယူကရိန်း နိုင်ငံအနှံ့မှာ ဓာတ်အား ပြတ်တောက်မှုတွေ မကြာခဏ ကြုံနေရပါတယ်။ ရုရှားရဲ့ လုပ်ရပ်ဟာ ယူကရိန်း ပြည်သူတွေအပေါ် စိတ်ဓာတ်ပိုင်းအရ သိပ်ပြီး ထိထိရောက်ရောက် မထိုးနှက်နိုင်ပေမယ့် နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍမှာတော့ ကြီးမားတဲ့ သက်ရောက်မှုတွေ ကြုံနေရကြောင်းလည်း သိရပါတယ်။